PSM (News)

ဇူလိုင် ၁၉၊၂၀၂၆

သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး က လူကြိုက်များသော ကာကွယ်ရေးဝန်ကြီးကို ရာထူးမှ ဖယ်ရှားလိုက်ပြီးနောက်ပိုင်း ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တွင် ပြည်သူများက စစ်တပ်၏ လက်ရှိစစ်ဦးစီးချုပ် အိုလက်ဇန်းဒါး ဆာစကီး ကို ရာထူးမှ ဖယ်ရှားပေးရန် တောင်းဆိုမှုများဖြင့် ဒုတိယမြောက်နေ့အဖြစ် ဆန္ဒပြခဲ့ကြသည်။

ရုရှားနှင့်စစ်ပွဲတွင် ယူကရိန်း၏ မကြာသေးမီက အောင်မြင်မှုများအတွက် အဓိကကျသူဟု သတ်မှတ်ခံထားရသည့် အသက် ၃၅ နှစ်အရွယ် နည်းပညာကျွမ်းကျင်သူ မြိုက်ဟိုင်လို ဖီဒိုရော့ဗ် ကို အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမှုတွင် ပြန်လည်ခန့်အပ်ခြင်း မပြုခဲ့သည့်အတွက် ပြည်သူအများအပြား သမ္မတရုံးရှေ့တွင် စုဝေးခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒပြသူများက ဆာစကီး၏ ကွပ်ကဲမှုပုံစံသည် ခေတ်မမီတော့ဘဲ တပ်ဖွဲ့ဝင်များ၏ အသက်ဆုံးရှုံးမှု များပြားစေသည်ဟု ဝေဖန်ခဲ့ကြသည်။ ခြေထောက်ဆုံးရှုံးခဲ့ရသည့် တိုက်ခိုက်ရေးဆေးမှူးတစ်ဦးဖြစ်သူ အန်ဒရီ က “ဆာစကီးဟာ ကာကွယ်ရေးဝန်ကြီးတင်မကဘဲ တပ်မမှူးတွေနဲ့ပါ အဆင်မပြေဖြစ်နေတာပါ။ သူသာ ဆက်ရှိနေရင် ကျွန်တော်တို့ စစ်ရှုံးသွားနိုင်တယ်” ဟု ပြောကြားခဲ့သည်။

သမ္မတ ဇယ်လန်းစကီးကမူ ဆာစကီးနှင့် ဖီဒိုရော့ဗ်တို့အကြား အလုပ်လုပ်ရာတွင် အဆင်မပြေမှုများ အလွန်ပြင်းထန်နေသဖြင့် ဝင်ရောက်ဖြေရှင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သော်လည်း အသေးစိတ်ကို ရှင်းပြခြင်းမရှိပေ။

ယူကရိန်းပြည်သူအများစုက စစ်ပွဲတွင် အောင်ပွဲရရှိရန်မှာ နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုများနှင့် ဆိုဗီယက်ခေတ်က ကျင့်စဉ်များကို စွန့်လွှတ်သည့် ခေတ်မီစစ်တပ်စနစ် လိုအပ်ကြောင်း ယုံကြည်နေကြသည်။ ဆာစကီး၏ လက်အောက်တွင် ထိုသို့သော ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း ဆန္ဒပြသူများက ဆိုသည်။

ဇယ်လန်းစကီးအနေဖြင့် ယခင်ကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီများ၏ လုပ်ပိုင်ခွင့်ကို လျှော့ချရန် ကြိုးပမ်းစဉ် ပြည်သူလူထု၏ ကန့်ကွက်မှုကြောင့် နောက်ကြောင်းပြန်လှည့်ခဲ့ရဖူးသည်။ ယခုတစ်ကြိမ်တွင်လည်း ပြည်သူတို့၏ အသံကို နားထောင်ပေးရန် တောင်းဆိုမှုများ မြင့်တက်လျက်ရှိသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed