PSM (News)

ဇူလိုင် ၁၈၊၂၀၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို ဝင်ရောက်စွက်ဖက်ခဲ့သည်ဟု စွပ်စွဲပြောဆိုမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက “လုံးဝအခြေအမြစ်မရှိသော လုပ်ကြံဖန်တီးမှုများ” ဟု ပြင်းပြင်းထန်ထန် ပယ်ချလိုက်သည်။

ဇူလိုင်လ ၁၇ ရက်၊ သောကြာနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်မှ မိန့်ခွန်းပြောကြားရာတွင် အမေရိကန်၏ ရွေးကောက်ပွဲစနစ်သည် အလွန်အန္တရာယ်ရှိသည့် အခြေအနေသို့ ရောက်ရှိနေကြောင်းနှင့် တရုတ်နိုင်ငံက အမေရိကန်မဲဆန္ဒရှင် ဖိုင်ပေါင်း သန်း ၂၂၀ ကို ခိုးယူခဲ့သည်ဟူသော အထောက်အထားများကို ထုတ်ပြန်သွားမည်ဟု ပြောကြားခဲ့သည်။

ယင်းစွပ်စွဲချက်များနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်း (Lin Jian) က “အမေရိကန်ဘက်က ပြောဆိုလိုက်တဲ့ စွပ်စွဲချက်တွေဟာ လုံးဝလုပ်ကြံဖန်တီးထားပြီး အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်သက်သက်သာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ရွေးကောက်ပွဲမှာ စိတ်ဝင်စားမှုမရှိသလို ဘယ်တုန်းကမှလည်း ဝင်ရောက်စွက်ဖက်ခဲ့ခြင်း မရှိပါဘူး” ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

ထို့ပြင် အမေရိကန်အနေဖြင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို အစဉ်တစိုက် ဝင်ရောက်စွက်ဖက်နေသည်မှာ နိုင်ငံတကာအသိုက်အဝန်းက ရှင်းရှင်းလင်းလင်း မြင်တွေ့နေရကြောင်းနှင့် မိမိတို့၏ လုပ်ရပ်များကို ပြန်လည်သုံးသပ်ပြီး တရုတ်နိုင်ငံအပေါ် အခြေအမြစ်မရှိ စွပ်စွဲခြင်းများ ရပ်တန့်ရန်လည်း တိုက်တွန်းခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ယခုမိန့်ခွန်းသည် လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများအပေါ် လူထုယုံကြည်မှုကို လျော့နည်းစေရန် ကြိုးပမ်းခြင်းဖြစ်ကြောင်းနှင့် အထောက်အထားမရှိသည့် ကောလာဟလများကို ပြန်လည်ဖော်ထုတ်ခြင်းသာဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီဝင်များက ဝေဖန်ခဲ့ကြသည်။

ကိုးကား-CNA

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed