PSM(News) မတ် ၁၉၊ ၂၀၂၆ မြန်မာစစ်အုပ်စုသည် ၎င်းတို့ကျူးလွန်ထားသည့် ရာဇဝတ်မှုများကို ဖုံးကွယ်ရန်နှင့် နိုင်ငံရေးအရ တရားဝင်မှုရရှိရန် အမည်နာမများ ပြောင်းလဲအသုံးပြုနေသော်လည်း ယင်းသည် ဗီဇရုပ်သွင်ကို ပြောင်းလဲနိုင်မည်မဟုတ်ဟု Justice For Myanmar (JFM) က ထုတ်ပြန်ထားသည်။ စစ်အုပ်စုက ပြုလုပ်လာသည့် အတုအယောင် လွှတ်တော်ခေါ်ယူမှုနှင့် အမည်နာမ ပြောင်းလဲမှုများသည် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများအား ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်းနှင့် နေရပ် စွန့်ခွာစေခြင်းတို့အတွက် တာဝန်ရှိသည့် ၎င်းတို့၏ တရားမဝင်မှုကို ဖုံးကွယ်ရန် ကြိုးပမ်းသည့် ပရိယာယ်တစ်ခုသာဖြစ်ကြောင်း JFM က ဆိုသည်။ ထို့ကြောင့် နိုင်ငံတကာ အစိုးရများအနေဖြင့် စစ်အုပ်စု၏ အမည်ပြောင်းလဲသည့် လှည့်ကွက်ဖြင့် လှည့်စားမှုကို လက်ခံခြင်းမပြုရန် နှင့် ၎င်းတို့၏ အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ပေါက် လာသည့် အဖွဲ့အစည်းမှန်သမျှကို ကန့်ကွက်ဆန့်ကျင်ရန် JFM က တိုက်တွန်းထားသည်။ ထို့ပြင် စစ်အုပ်စု၏ ဘဏ္ဍာရေး အရင်းအမြစ်များ၊ စစ်လက်နက်နှင့် လေယာဉ်ဆီ ရရှိမှု လမ်းကြောင်း များကို ပစ်မှတ်ထား၍ ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် နှင့် စစ်အုပ်စုကို သတ္တိပြောင်စွာ ဆန့်ကျင်နေသည့် မြန်မာပြည်သူများနှင့်အတူ လက်တွဲရပ်တည်ပေးရန်တို့ကိုလည်း တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။ “အပေါ်ယံ ဝတ်ရုံတွေ ဘယ်လိုပဲ ပြောင်းပြောင်း စစ်ရာဇဝတ်ဂိုဏ်းကိုကား အမြစ်ပြတ် ဖျက်သိမ်း ရမည်” ဟု JFM က ဆိုသည်။ စစ်အုပ်စုသည် ၎င်းတို့၏ တရားမဝင်မှုကို ဖုံးကွယ်ရန် အမည်နာမသစ်များဖြင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရယူရန် ကြိုးစားနေသော်လည်း မြေပြင်တွင် ပြည်သူများအပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများမှာ ဆက်လက်ရှိနေဆဲဖြစ်ကြောင်းလည်း JFM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပုံစာ-စစ်ကော်မရှင်၏လွှတ်တော်အတုမြင်ကွင်းကို တွေ့ရစဉ်။ #အမည်ပြောင်း #စစ်ရာဇဝတ်ဂိုဏ်း #နိုင်ငံရေးလှည့်ကွက်များ #နိုင်ငံတကာ #JFM #PSM_News Post navigation လေယာဉ်ဆီ အခက်အခဲကြောင့် ခရီးသည်များ အပိုအလေးချိန် ဝယ်ယူခွင့်ကို MAI ကန့်သတ် မင်းကင်းတွင် ပျူစောထီးအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီးခေါင်းဆောင်တစ်ဦးကို လက်ရဖမ်းမိ၊ ဒေသခံများ စစ်ရေးသတိရှိရန် SRA သတိပေး