PSM(News)

မတ် ၁၉၊ ၂၀၂၆

မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) သည် လေယာဉ်ဆီ (Jet A1) ရရှိမှု အကန့်အသတ်ရှိနေခြင်းနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အခက်အခဲများကြောင့် ခရီးသည်များ၏ ခရီးဆောင်အိတ် အပိုအလေးချိန် ဝယ်ယူခွင့်နှင့် အဖွဲ့ဝင်ခံစားခွင့်များကို ယနေ့ မတ် ၁၉ ရက်နေမှစတင်ကာ ယာယီကန့်သတ်ကြောင်း ထုတ်ပြန်သည်။

လက်ရှိဖြစ်ပေါ်နေသော လေယာဉ်ဆီ ပြတ်လပ်မှုနှင့် ဆက်စပ်နေသော လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကန့်သတ်ချက်များကြောင့် အပိုအလေးချိန် ဝယ်ယူခြင်း၊ Sky Smile (Ruby & Diamond) အဖွဲ့ဝင်များ: အဖွဲ့ဝင်များအတွက် သတ်မှတ်ထားသည့် အလေးချိန်အပို ခံစားခွင့်များကိုဆိုင်းငံ့ခြင်းတို့ကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း ခရီးစဉ်များနှင့် ပြည်ပသို့ ထွက်ခွာသည့်ခရီးစဉ်အားလုံးတွင် ခရီးသည်တစ်ဦးလျှင် အပိုအလေးချိန် ၁၀ ကီလိုဂရမ်အထိသာ ဝယ်ယူခွင့်ပြုတော့မည် ဖြစ်ပြီး Sky Smile အဖွဲ့ဝင် များအတွက် သတ်မှတ်ထားသည့် အလေးချိန်အပို ခံစားခွင့်များကိုလည်း နောက်ထပ် အသိပေးချက် မထုတ်ပြန်မီအထိ ခေတ္တရပ်ဆိုင်းထားမည် ဖြစ်ကြောင်း MAI ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လေယာဉ်လက်မှတ်ဈေးတွေက ဈေးကြီးပေးဝယ်ထားရတာပါ။ အခုလို ဆီအခက်အခဲကြောင့်ဆိုပြီး အလေးချိန် ၁၀ ကီလိုပဲ ကန့်သတ်လိုက်တော့ တော်တော်လေး နစ်နာပါတယ်။ ဆီပြတ်တာက လေကြောင်းလိုင်းရဲ့ ပြဿနာပါ၊ အဲဒီဝန်ထုပ်ဝန်ပိုးကို ခရီးသည်တွေဆီ ပုံချလိုက် တာကတော့ မတရားဘူးလို့ မြင်တယ်” ဟု ဘန်ကောက်တွင် စျေးဝယ်ပြီး ရန်ကုန်သို့ ပြန်မည့် မြန်မာနိုင်ငံသားတစ်ဦးက PSM ကိုပြောသည်။

MAI လေကြောင်းလိုင်းအနေဖြင့် ယခုကဲ့သို့ အလေးချိန်လျှော့ချခြင်းသည် လေယာဉ်ဆီရရှိမှု အခြေအနေအရ ခရီးစဉ်များ ဘေးကင်းလုံခြုံစွာ ပျံသန်းနိုင်ရန်နှင့် လုပ်ငန်းစဉ်များ ချောမွေ့စေရန် အတွက် မဖြစ်မနေ ဆောင်ရွက် ရခြင်းဖြစ်ကြောင်း ဆိုထားသည်။

ထို့ကြောင့် ခရီးသည်များအနေဖြင့် အသေးစိတ်သိရှိလိုပါက MAI ၏ Call Center ဖုန်း – ၉၇၈၇ (သို့မဟုတ်) ၀၉-၈၈၀၄၄၃၇၈၇၊ အီးမေးလ် – csc@maiair.aero နှင့် သက်ဆိုင်ရာ လက်မှတ် အရောင်းကိုယ်စားလှယ်များထံ ဆက်သွယ် စုံစမ်းနိုင်ကြောင်းသိရသည်။

ခရီးသွားပြည်သူများအပေါ် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ရခြင်းအတွက် လေကြောင်းလိုင်းမှ စိတ်မကောင်းဖြစ်ရကြောင်းနှင့် နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်းလည်း MAI ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#လေယာဉ်ဆီ

#အခက်အခဲ

#အပိုအလေးချိန်

#ဝယ်ယူခွင့်ကန့်သတ်

#MAI

#PSM_News

By Htet Ko