PSM (News) မတ် ၁၉ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ခြမ်းတွင် လေပြင်းတိုက်ခတ်ပြီး မိုးသီးကြွေမှုများကြောင့် စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသည့် ယာယီတဲအိမ်အများအပြား ပြိုလဲပျက်စီးခဲ့ရပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၁၅ ရက်နှင့် ၁၆ ရက်နေ့များတွင် ကောလင်းနယ်အနောက်ခြမ်း၌ လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းနောက်တွင် မိုးသည်းထန်စွာရွာသွန်းကာ မိုးသီးများ ကြွေကျခဲ့ ခြင်းကြောင့် စစ်ဘေးရှောင်တဲများ ပြိုကျပျက်စီးခဲ့ခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီသူများက ဆိုသည်။ “လေက အရမ်းကြမ်းတော့ တဲတွေပြို၊ အမိုးတွေလန်ပြီး လေထဲပါကုန်တာတွေရှိတယ်။ ညကြီး အချိန်မတော် မိုးတွေရွာ၊ မိုးသီးတွေကျတော့ နေစရာမရှိတော့ဘဲ အဝတ်အစားနဲ့ အသုံးအဆောင်တွေပါ မိုးရေစိုကုန်ပြီး အခက်အခဲဖြစ်ကုန်ကြတယ်” ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့ (ပြည်သူမှ ပြည်သူသို့) တာဝန်ခံ ကိုသဲကြီးက PSM ကို ပြောသည်။ လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများသည် ပျက်စီးသွားသည့် တဲများနေရာတွင် နေထိုင်၍မရတော့ သဖြင့် နေရာအသစ်များ ရှာဖွေခိုလှုံနေရပြီး တဲများပြန်လည်ဆောက်လုပ်ရန်အတွက် အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိသည်။ အထူးသဖြင့် စစ်ရှောင်တဲအလုံးရေ ၁၀၀ ခန့် ပြန်လည်ပြုပြင်ရန် လိုအပ်နေသည့်အနက် မသန်စွမ်း ကလေးငယ်များရှိသည့် မိခင်များအတွက် အရေးပေါ်တဲ ၁၀ လုံးကို ဦးစားပေး ပြုပြင်ပေးရန် လိုအပ်နေ ကြောင်း သိရသည်။ “ တဲအလုံးရေ ၁၀၀ အတွက် လိုအပ်တဲ့ အထဲကနေ လက်ရှိ မသန်စွမ်းကလေး ရှိတဲ့ မိခင်တွေအတွက် အရေးပေါ် တဲ ၁၀ လုံး ကို ပြုပြင်ပေးဖို့လိုအပ်နေပါတယ်” ဟု ကိုသဲကြီးက ဆိုသည်။ အဆိုပါ လေဘေးသင့်စစ်ရှောင်များသည် ကောလင်းမြို့ကို စစ်ကော်မရှင်တပ်က ပြန်လည်စီးနင်း သိမ်းပိုက်ခဲ့သည့်အချိန်မှစ၍ နေရပ်စွန့်ခွာလာကြသူများဖြစ်ပြီး စစ်ဘေးရှောင်ဘဝဖြင့် နေထိုင်လာရ သည်မှာ ၂ နှစ်ကျော် ကြာမြင့်နေပြီဖြစ်သည်။ ကာလရှည်ကြာ စစ်ဘေးရှောင်နေရသည့်အပြင် ယခုကဲ့သို့ သဘာဝဘေးဒဏ်ပါ ထပ်မံကြုံတွေ့နေ ရသော ကောလင်းဒေသခံများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အမြန်ဆုံးပေး အပ်နိုင်ရန်လည်း ဒေသတွင်းအဖွဲ့အစည်းများက နှိုးဆော်ထားသည်။ ဓာတ်ပုံ-CJ ပုံစာ-ကောလင်းနယ်အနောက်ခြမ်း စစ်ဘေးရှောင်များနေထိုင်ရာ နေရာတွင် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းခြင်းများဖြစ်ပေါ် ခဲ့သောကြောင့် ပြိုပျက်သွား သည့် စစ်ဘေးရှောင် တဲအိမ်အချို့ကို တွေ့ ရစဉ် #ကောလင်း #စစ်ဘေးရှောင် #လေပြင်းတိုက်ခတ်မှု #အရေးပေါ်အကူအညီ #လူသားချင်းစာနာမှု #PSM_News Post navigation စစ်ခေါင်ဆောင် မင်းအောင်လှိုင်က နိုင်ငံကူးလက်မှတ် ဥပဒေသစ်ပြဌာန်းလိုက်ပြီး အဆိုပါ ဥပဒေတွင် နိုင်ငံသားများအား နိုင်ငံမဲ့ ဖြစ်စေနိုင်သည့် အချက်များပါဝင်နေ လေယာဉ်ဆီ အခက်အခဲကြောင့် ခရီးသည်များ အပိုအလေးချိန် ဝယ်ယူခွင့်ကို MAI ကန့်သတ်