PSM(NEWS) မတ် ၁၉၊ ၂၀၂၆ အီရန်နိုင်ငံ၏ နျူကလီးယားလက်နက် ထုတ်လုပ်မှုအပေါ် ဆန့်ကျင်သည့် ရပ်တည်ချက်သည် သိသိသာသာ ပြောင်းလဲသွားဖွယ်မရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက ပြောကြားလိုက်သည်။ သို့သော်လည်း အီရန်၏ အမြင့်ဆုံး ခေါင်းဆောင်သစ်အနေဖြင့် ဤကိစ္စရပ်အပေါ် ၎င်း၏သဘောထားကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်း ၎င်းက သတိပေးပြောဆိုခဲ့သည်။ အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲအတွင်း သေဆုံးသွားခဲ့သည့် အမြင့်ဆုံးခေါင်းဆောင်ဟောင်း အယာတိုလာ အလီခါမေနီ သည် ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းက ထုတ်ပြန်ခဲ့သော ဘာသာရေးအမိန့် (Fatwa) တွင် အစုလိုက်အပြုံလိုက် သေကြေပျက်စီးစေသော လက်နက်များ ထုတ်လုပ်ခြင်းကို ဆန့်ကျင်ခဲ့သည်။ အနောက်နိုင်ငံများကမူ တီဟီရန်အစိုးရသည် နျူကလီးယားလက်နက် ပိုင်ဆိုင်ရန် ကြိုးပမ်းနေသည်ဟု နှစ်ရှည်လများ စွပ်စွဲထားသော်လည်း အီရန်အာဏာပိုင်များက ၎င်းတို့၏ နျူကလီးယား အစီအစဉ်သည် ငြိမ်းချမ်းစွာ အသုံးပြုရန်အတွက်သာ ဖြစ်သည်ဟု တုံ့ပြန်ထားသည်။ စစ်ပွဲအဆုံးသတ်ပြီးနောက် ပါရှန်ပင်လယ်ကွေ့ ဒေသတွင်းနိုင်ငံများအနေဖြင့် ဟော်မုဇ်ရေလက်ကြား အတွက် မူဘောအသစ်တစ်ခုကို ရေးဆွဲသင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက အကြံပြုခဲ့သည်။ အဆိုပါ ရေလမ်းကြောင်းမှတစ်ဆင့် ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် အီရန်နှင့် ဒေသတွင်း အကျိုးစီးပွားများနှင့် ကိုက်ညီသည့် စည်းကမ်းချက်အသစ်များ ချမှတ်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ အဆိုပါ အရေးပါသော ရေလမ်းကြောင်းကို အီရန်က ပိတ်ဆို့ထားပြီး အမေရိကန်၊ အစ္စရေးနှင့် ၎င်းတို့၏ မဟာမိတ်များထံသို့ ရေနံတစ်လီတာမျှပင် ရောက်ရှိခွင့်ပေးမည်မဟုတ်ဟု ကြေညာထားသည်။ အီရန်လွှတ်တော်ဥက္ကဋ္ဌကလည်း ဟော်မုဇ်ရေလက်ကြား၏ အခြေအနေသည် စစ်ပွဲမတိုင်မီ အခြေအနေသို့ ပြန်လည်ရောက်ရှိတော့မည်မဟုတ်ကြောင်း ပြောဆိုထားသည်။ ပင်လယ်ကွေ့ဒေသအတွင်း အီရန်၏ တိုက်ခိုက်မှုများသည် အမေရိကန် စစ်စခန်းများကိုသာမက လူနေရပ်ကွက်များနှင့် စီးပွားရေးဇုန်များကိုပါ ထိမှန်နေခြင်းနှင့် ပတ်သက်၍ မေးမြန်းရာတွင် အဘတ်စ် အာရက်ချီ က အမေရိကန်တပ်ဖွဲ့များသည် လူနေထူထပ်သော မြို့ပြဒေသများသို့ ပြောင်းရွှေ့အခြေစိုက်ခြင်းကြောင့် ဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ “အမေရိကန်တပ်ဖွဲ့တွေ စုဝေးရာနဲ့ သူတို့ရဲ့ အဆောက်အအုံတွေရှိတဲ့ ဘယ်နေရာကိုမဆို ကျွန်တော်တို့ ပစ်မှတ်ထား တိုက်ခိုက်မှာပါ။ အဲဒီနေရာတွေက မြို့ပြဒေသတွေနဲ့ နီးကပ်နေတာမျိုး ရှိနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ဒေသတွင်းနိုင်ငံများနှင့် ပြည်သူများ ထိခိုက်နစ်နာမှုရှိနေသည်ကို ဝန်ခံသော်လည်း၊ ဤစစ်ပွဲကို ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် စတင်ခဲ့သည့် အမေရိကန်တွင်သာ တာဝန်အပြည့်အဝ ရှိကြောင်း ၎င်းက အပြစ်တင် ပြောဆိုခဲ့သည်။ စစ်ပွဲရပ်စဲရေးအတွက် ဒေသတွင်း ပဋိပက္ခများ လုံးဝချုပ်ငြိမ်းရန်နှင့် အီရန်အနေဖြင့် ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးရရှိရန် လိုအပ်ကြောင်းလည်း အာရက်ချီက အလေးပေး ပြောကြားခဲ့သည်။ ကိုးကား Reuters #အီရန် #နျူကလီးယားမူဝါဒ #ပြောင်းလဲရန်မရှိ #ဟော်မုဇ်ရေလက်ကြား #မူဘောင်အသစ် #PSM_News Post navigation အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံရရှိမှု မြှင့်တင်ရန် ထရမ့်အစိုးရ ကြိုးပမ်း၊ ဗင်နီဇွဲလားအပေါ် ချမှတ်ထားသော ရေနံပိတ်ဆို့မှုအချို့ကို အမေရိကန် ဖြေလျှော့ပေး အီရန်စစ်ပွဲကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့စျေးနှုန်းများ မြင့်တက်