PSM(NEWS) မတ် ၁၉၊ ၂၀၂၆ အီရန်စစ်ပွဲအတွင်း ကမ္ဘာ့ရေနံရရှိမှု အခြေအနေကို မြှင့်တင်ရန်အတွက် ထရမ့်အစိုးရက ကြိုးပမ်းနေစဉ်၊ ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီနှင့် စီးပွားရေးလုပ်ဆောင်ခွင့်ကို အကန့်အသတ်အချို့ဖြင့် ခွင့်ပြုပေးရန် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ဆုံးဖြတ်လိုက်သည်။ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သော လုပ်ပိုင်ခွင့်အာဏာအရ ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံကုမ္ပဏီ (PDVSA) အနေဖြင့် ၎င်းတို့၏ ရေနံများကို အမေရိကန် ကုမ္ပဏီများထံသို့လည်းကောင်း၊ ကမ္ဘာ့ဈေးကွက်သို့လည်းကောင်း တိုက်ရိုက်ရောင်းချခွင့် ရရှိမည်ဖြစ်သည်။ ၎င်းသည် ဗင်နီဇွဲလားအစိုးရနှင့် ရေနံကဏ္ဍအပေါ် နှစ်ရှည်လများ ပိတ်ဆို့ထားခဲ့သည့် ဝါရှင်တန်၏ မူဝါဒကို အကြီးအကျယ် ပြောင်းလဲလိုက်ခြင်းလည်း ဖြစ်သည်။ သီးခြားထုတ်ပြန်ချက် တစ်ခုတွင် အိမ်ဖြူတော်က ဒေါ်နယ်ထရမ့် သည် အမေရိကန် ဆိပ်ကမ်းများအကြား ကုန်စည်ပို့ဆောင်ရာ၌ အမေရိကန်အလံတင် သင်္ဘောများကိုသာ အသုံးပြုရမည်ဆိုသည့် “ဂျုန်းစ်အက်ဥပဒေ” (Jones Act) ကို ရက်ပေါင်း ၆၀ ကြာ ကင်းလွတ်ခွင့်ပြုမည်ဟု ဆိုသည်။ ၁၉၂၀ ပြည့်နှစ်ဝန်းကျင်က ပြဋ္ဌာန်းခဲ့သော အဆိုပါဥပဒေသည် အမေရိကန် သင်္ဘောကျင်းလုပ်ငန်းကို ကာကွယ်ရန် ရည်ရွယ်သော်လည်း လောင်စာဆီဈေးနှုန်း မြင့်တက်စေသည့် အကြောင်းရင်း တစ်ခုအဖြစ် ဝေဖန်ခံနေရခြင်းဖြစ်သည်။ အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်နှင့် အဆုံးမသတ်နိုင်သေးသော စစ်ပွဲကို ဆင်နွှဲနေရစဉ်၊ တစ်ဖက်တွင်လည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာသော ရေနံဈေးနှုန်းများကို ထိန်းချုပ်ရန် ရစ်ပတ်ဘလီကန်အစိုးရအပေါ် ဖိအားများ ရှိနေသည်။ ကမ္ဘာ့ရေနံ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြား ကို အီရန်က ပိတ်ဆို့လိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ စံချိန်တင် မြင့်တက်ခဲ့သည်။ ယခုဖြေလျှော့မှုသည် ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းလိုက်ခြင်း မဟုတ်ဘဲ ပစ်မှတ်ထား ဖြေလျှော့ပေးခြင်းသာ ဖြစ်သည်။ ရေနံဖိုးငွေများကို PDVSA ကဲ့သို့ ပိတ်ဆို့ခံထားရသော အဖွဲ့အစည်းများထံ တိုက်ရိုက်ပေးခွင့်မရှိဘဲ အမေရိကန်က ထိန်းချုပ်ထားသော အထူးဘဏ်စာရင်းသို့သာ လွှဲပြောင်းပေးရမည်ဖြစ်သည်ဆိုလိုသည်မှာ အမေရိကန်သည် ရေနံကုန်သွယ်မှုကို ခွင့်ပြုသော်လည်း ငွေကြေးစီးဆင်းမှုကိုမူ ဆက်လက် ထိန်းချုပ်ထားမည် ဖြစ်သည်။ ရုရှား၊ အီရန်၊ မြောက်ကိုရီးယား၊ ကျူးဘားနှင့် တရုတ်အဖွဲ့အစည်းအချို့ ပါဝင်သော သဘောတူညီချက်များကို ခွင့်ပြုမည်မဟုတ်ပေ။ ဗင်နီဇွဲလား၏ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များဝင်လာစေရန်နှင့် ကမ္ဘာ့ရေနံလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း အမေရိကန် စစ်ဆင်ရေးတစ်ခုတွင် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို ရာထူးမှ ဖယ်ရှားခံရပြီး ဖမ်းဆီးခံလိုက်ရပြီးနောက်၊ သမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန်အနေဖြင့် ဗင်နီဇွဲလားကို ထိရောက်စွာ “စီမံခန့်ခွဲ” သွားမည်ဖြစ်ပြီး ၎င်း၏ ရေနံများကို ရောင်းချမည်ဟု ပြောဆိုခဲ့ဖူးသည်။ ဗင်နီဇွဲလားသည် ကမ္ဘာ့အကြီးဆုံး ရေနံအရန်အရင်းအမြစ်များရှိသည့်နိုင်ငံဖြစ်သော်လည်း အဂတိလိုက်စားမှု၊ စီမံခန့်ခွဲမှု အမှားများနှင့် အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် ရေနံထုတ်လုပ်မှုမှာ ၁၉၉၉ ခုနှစ်တွင် တစ်ရက်လျှင် စည်ပေါင်း ၃.၅ သန်းရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် စည်ပေါင်း ၄ သိန်းအောက်သို့ ကျဆင်းသွားခဲ့သည်။ ကိုးကား AP #အီရန်စစ်ပွဲ #ကမ္ဘာ့ရေနံရရှိမှုမြှင့်တင်ရန် #ဗင်နီဇွဲလား #ရေနံပိတ်ဆို့မှု #အမေရိကန် #ဖြေလျှော့ပေး #PSM_News Post navigation ဥရောပသမဂ္ဂ ဥက္ကဋ္ဌ ဖွန်ဒါလီယန် သြစတြေးလျသို့ သွားရောက်မည်ဖြစ်ပြီး ကုန်သွယ်ရေး သဘောတူညီချက် အပြီးသတ်နိုင်ဖွယ်ရှိ နျူကလီးယားမူဝါဒ ပြောင်းလဲရန် အလားအလာမရှိကြောင်း အီရန်ပြောဆို၊ ဟော်မုဇ်ရေလက်ကြားအတွက် မူဘောင်အသစ် လိုအပ်မည်ဟုဆို