PSM(NEWS) မတ် ၁၉၊ ၂၀၂၆ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဖွန်ဒါလီယန် သည် လာမည့်အပတ်တွင် သြစတြေးလျနိုင်ငံသို့ သွားရောက်ကာ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘာနီးစ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး၊ နှစ်ဖက်အကြား လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် (FTA) အတွက် ညှိနှိုင်းမှုများကို အပြီးသတ်နိုင်ဖွယ်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ဥရောပသမဂ္ဂ (EU) သို့ တင်သွင်းမည့် အသားတင်သွင်းခွင့် ပမာဏသတ်မှတ်ချက်အပေါ် အငြင်းပွားမှုကြောင့် ဆွေးနွေးပွဲများ ရပ်တန့်ခဲ့ရသော်လည်း၊ ယခုအခါ နှစ်ဖက်စလုံးမှ တိုးတက်မှုများရှိနေကြောင်း အချက်ပြထားသည်။ ဥရောပသမဂ္ဂ၏ အမှုဆောင်အဖွဲ့ဖြစ်သော ဥရောပကော်မရှင်၏ ထုတ်ပြန်ချက်အရ ဖွန်ဒါလီယန်၏ မတ်လ ၂၃ ရက်မှ ၂၅ ရက်အထိ ခရီးစဉ်သည် “မဟာဗျူဟာမြောက် အရေးပါသော အင်ဒို-ပစိဖိတ်ဒေသအတွင်း စိတ်ချရပြီး သဘောထားချင်း တူညီသည့် မိတ်ဖက်နိုင်ငံနှင့် ဆက်ဆံရေး ပိုမိုခိုင်မာစေရန်” ရည်ရွယ်ကြောင်း ဖော်ပြထားသည်။ အာဆူလာ ဖွန်ဒါလီယန်သည် ဥရောပကော်မရှင် ဥက္ကဋ္ဌအဖြစ် သြစတြေးလျသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး၊ သူမနှင့်အတူ EU ကုန်သွယ်ရေးအကြီးအကဲ မာရို့စ် ဆက်ဖ်ကိုဗစ် လည်း လိုက်ပါလာမည်ဖြစ်သည်။ ၎င်းတို့အဖွဲ့သည် အင်္ဂါနေ့တွင် ကင်ဘာရာမြို့၌ ဝန်ကြီးချုပ် အယ်လ်ဘာနီးစ်နှင့် တွေ့ဆုံမည်ဖြစ်သည်။ သြစတြေးလျနိုင်ငံအနေဖြင့် ဥရောပသို့ သိုးသားနှင့် အမဲသား တင်ပို့မှုပမာဏ ပိုမိုရရှိရန် ကြိုးပမ်းနေပြီး၊ EU ဘက်ကမူ ကားအပါအဝင် ကုန်ချောပစ္စည်းများအပေါ် အခွန်လျှော့ချပေးရန်နှင့် တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချနိုင်ရေးအတွက် သြစတြေးလျ၏ အရေးပါသော တွင်းထွက်သယံဇာတများကို ပိုမိုရယူနိုင်ရန် တွန်းအားပေးနေသည်။ နှစ်ဖက်စလုံးသည် ဤကုန်သွယ်ရေး ဆွေးနွေးမှုများကို ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ်အတွင်း EU နှင့် သြစတြေးလျအကြား စုစုပေါင်း ကုန်စည်ကုန်သွယ်မှုမှာ ယူရို ၄၇.၂ ဘီလီယံ ရှိခဲ့ပြီး ဥရောပသမဂ္ဂဘက်မှ ယူရို ၂၆.၅ ဘီလီယံ အသာစီးရရှိခဲ့သည်။ ဝန်ဆောင်မှုကဏ္ဍတွင်လည်း ၂၀၂၃ ခုနှစ် ကုန်သွယ်မှုပမာဏမှာ ယူရို ၃၈.၁ ဘီလီယံရှိခဲ့ပြီး ဥရောပသမဂ္ဂကပင် ယူရို ၁၇.၉ ဘီလီယံ အသာစီးရရှိခဲ့ကြောင်း သိရသည်။ ကိုးကား Reuters #ဥရောပကော်မရှင် #အာဆူလာ_ဖွန်ဒါလီယန် #သြစတြေးလျ #ကုန်သွယ်ရေး #သဘောတူညီချက် #PSM_News Post navigation ဟော်မုဇ်ရေလက်ကြားအတွင်း ရေနံတင်သင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေး အီရတ်နှင့် အီရန်တို့ ဆွေးနွေးလျက်ရှိ အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံရရှိမှု မြှင့်တင်ရန် ထရမ့်အစိုးရ ကြိုးပမ်း၊ ဗင်နီဇွဲလားအပေါ် ချမှတ်ထားသော ရေနံပိတ်ဆို့မှုအချို့ကို အမေရိကန် ဖြေလျှော့ပေး