PSM(NEWS)

မတ် ၁၈၊ ၂၀၂၆

ဟော်မုဇ် ရေလက်ကြားအတွင်း အီရတ်ရေနံတင် သင်္ဘောအချို့ ဖြတ်သန်းခွင့်ရရှိရန် အီရတ်အစိုးရသည် အီရန်နိုင်ငံနှင့် ဆွေးနွေးလျက်ရှိကြောင်း အီရတ်ရေနံဝန်ကြီး ဟာယန်အဗ္ဗဒူဂါနီက ပြောကြား‌‌သည်ဟု နိုင်ငံပိုင်သတင်းဌာနက အင်္ဂါနေ့တွင်ဖော်ပြခဲ့သည်။

အီရတ်နိုင်ငံပိုင် ရေပိုင်နက်အတွင်း ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရမှုများ ဖြစ်ပွားပြီးနောက် ရေနံစိမ်းတင်ပို့မှု အနှောင့်အယှက် ဖြစ်နေခြင်းကို လျှော့ချနိုင်ရန် အီရတ်အစိုးရက ကြိုးပမ်းနေခြင်းဖြစ်သည်။

ထို့အပြင် ကာဒစ္စတန်ဒေသကို ဖြတ်သန်းရန်မလိုဘဲ တူရကီနိုင်ငံရှိ စီဟန်ဆိပ်ကမ်းသို့ တိုက်ရိုက်ရေနံပို့လွှတ်နိုင်မည့် အသုံးမပြုတော့သော ပိုက်လိုင်းဟောင်းကို ပြန်လည်ပြင်ဆင်ရန်လုပ်ဆောင်နေကြောင်း ရေနံဝန်ကြီးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ကီရ်ကွတ် (Kirkuk) မြို့မှ တိုက်ရိုက် ရေနံတင်ပို့နိုင်ရန်အတွက် အဆိုပါ ပိုက်လိုင်း၏ ၁၀၀ ကီလိုမီတာ (၆၂ မိုင်) ရှည်လျားသော အစိတ်အပိုင်းကို တစ်ပတ်အတွင်း စစ်ဆေးမှုများ အပြီးသတ်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ဆယ်စုနှစ် တစ်ခုကျော်ကြာ ပိတ်ထားခဲ့သည့် ကီရ်ကွတ်-စီဟန်ပိုက်လိုင်းကို ပြန်လည်ဖွင့်လှစ်ခြင်းသည် အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် မဟာဗျူဟာကျသည့် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေကြောင်းတင်ပို့မှု ပြင်းထန်စွာ အနှောင့်အယှက်ဖြစ်နေချိန်တွင် အစားထိုး တင်ပို့နိုင်မည့်လမ်းကြောင်းသစ် တစ်ခု ဖြစ်လာမည်ဖြစ်သည်။

ကမ္ဘာ့ရေနံ လိုအပ်ချက်၏ ၀.၅ ရာခိုင်နှုန်းခန့်ကို တစ်ချိန်က တင်ပို့ပေးခဲ့သည့် အဆိုပါ ၉၆၀ကီလိုမီတာ ရှည်ပိုက်လိုင်းသည် အစ္စလာမ္မစ်နိုင်ငံတော် (IS) အဖွဲ့၏ အကြိမ်ကြိမ် တိုက်ခိုက်မှုများကြောင့် ၂၀၁၄ခုနှစ်တွင် ရပ်ဆိုင်းသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လမ်းကြောင်းမှတစ်ဆင့် ကနဦးတွင် တစ်နေ့လျှင် ရေနံစိမ်းစည်ပေါင်း ၂၅၀,၀၀၀ ခန့် တင်ပို့နိုင်မည်ဖြစ်ပြီး ကာဒစ္စတန်ဒေသရှိ ရေနံတွင်းများမှ ရေနံစိမ်းများပါ ပေါင်းစပ်ပါဝင်လာပါက တစ်နေ့လျှင် ၄၅၀,၀၀၀ ခန့်အထိ တိုးမြှင့်နိုင်မည်ဖြစ်ကြောင်း ရေနံဝန်ကြီးဌာနက ပြောကြားထားသည်။

အီရတ်အစိုးရသည် ကာဒစ္စတန်ပိုက်လိုင်းကို ယာယီတင်ပို့မှု လမ်းကြောင်းအဖြစ် အသုံးပြုရန်ကြိုးပမ်းခဲ့သော်လည်း ကာဒစ္စတန်ဒေသဆိုင်ရာ အစိုးရက အသုံးပြုခွင့်အတွက် တင်းကျပ်သောကန့်သတ်ချက်များ သတ်မှတ်ထားသည်ဟု ဆိုသည်။ အကယ်၍ တင်ပို့မှုများ ဆက်လက် ပိတ်ဆို့ခံရပါက ဥပဒေကြောင်းအရ အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း အီရတ်က သတိပေးထားသည်။

ကာဒစ္စတန် အာဏာပိုင်များကမူ အဆိုပါ စွပ်စွဲချက်များကို ပယ်ချခဲ့ပြီး ၎င်းတို့အနေဖြင့် တင်ပို့မှုများကို ပိတ်ဆို့ထားခြင်းမရှိကြောင်းနှင့် အီရတ်အစိုးရသည် ဒေသတွင်းရေနံကဏ္ဍတွင် ကြုံတွေ့နေရသည့် လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းပေးနိုင်ခြင်း မရှိကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

ကိုးကား Reuters

#ရေနံတင်သင်္ဘော

#ဟော်မုဇ်ရေလက်ကြား

#ဘေးကင်းစွာ_ဖြတ်သန်းနိုင်ရေး

#အီရတ်_အီရန်

#ဆွေးနွေး

#PSM_News

By Htet Ko