မောင်မောင်ကဲ/PSM News မတ် ၁၈၊ ၂၀၂၆ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ ကို မတ်လ ၁၇ ရက်စွဲဖြင့် အသစ်ပြဌာန်းလိုက်ပြီး ဥပဒေပါ ပြဌာန်းချက်အချို့သည် ပြည်သူများ၏ လွတ်လပ်စွာ သွားလာခွင့်ကို ပိတ်ပင်ရန်နှင့် အကြပ်ကိုင်ရန်အတွက် လက်နက်သဖွယ် အသုံးချလာနိုင်ကြောင်း ဥပဒေပညာရှင်များက ထောက်ပြသည်။ နိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေသစ်၏ အခန်း (၅)၊ ပုဒ်မ ၂၉ (စ) တွင် “နိုင်ငံ တော်လုံခြုံရေးနှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို နှောင့်ယှက်ဖျက်ဆီးနိုင်သည်ဟု ယူဆရသူဖြစ်ခြင်း” ဟူသော အချက်ကို ထည့်သွင်းထားပြီး ယင်းသို့ သတ်မှတ်ခံရသူများကို နိုင်ငံကူးလက်မှတ် ထုတ်ပေးရန် ငြင်းပယ်နိုင်ကြောင်း ဖော်ပြထားသည်။ အဆိုပါ အချက်တွင် စံနှုန်းသတ်မှတ်ချက် တိတိကျကျပါဝင်ခြင်းမရှိဘဲ စစ်ကော်မရှင်ကို ဝေဖန်သည် မည်သူ့ကိုမဆို တံဆိပ်ကပ်၍ ပတ်စပို့ ထုတ်ပေးခြင်းမပြုဘဲ အရေးယူနိုင်ရန် လမ်းဖွင့်ထားခြင်း ဖြစ်ကြောင်း CDM ရှေ့နေတစ်ဦးထံမှ သိရသည်။ ဥပဒေသစ်အရ အဓိက ထိန်းချုပ်မည့်အချက်များမှာ နိုင်ငံတော်အကျိုးစီးပွား နှောင့်ယှက်သူဟု ယူဆရုံဖြင့် ပတ်စပို့ ထုတ်ပေးရန် ငြင်းပယ်နိုင်ခြင်း၊ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အီလက်ထရောနစ်မှတ်ပုံတင် UID တင်ပြရမည်ဖြစ်ပြီး ယင်းစနစ်သည် ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို အလွယ်တကူ စောင့်ကြည့်ထိန်းချုပ်ရန် လုပ်ဆောင်ခြင်းဖြစ်သည်။ ထိုပြင် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် သက်တမ်းတိုးခြင်း သို့မဟုတ် ပတ်စပို့ ပျောက်ဆုံး/ပျက်စီး၍ ပြန်လည်လျှောက်ထားရာတွင်လည်း စစ်ကော်မရှင်၏ ခွင့်ပြုချက်ရမှသာ ထုတ်ပေးမည်ဖြစ်သဖြင့် CDM ဝန်ထမ်းများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို နိုင်ငံမဲ့အဖြစ် လုပ်ဆောင်နိုင်သည့် အန္တရာယ်ရှိကြောင်း သိရသည်။ စစ်ခေါင်းဆောင်သည် ယခင် ၁၉၂၀ ပြည့်နှစ်ကတည်းက ကျင့်သုံးခဲ့သည့် ဥပဒေကို ရုပ်သိမ်းကာ ယခုကဲ့သို့ တင်းကျပ်သော ဥပဒေသစ်ကို အလျင်အမြန် ပြဌာန်းလိုက်ခြင်းသည် ၎င်းတို့အပေါ် ဆန့်ကျင်သူများအား နိုင်ငံတကာ ခရီးသွားလာခွင့် ပိတ်ပင်ခြင်းနှင့် ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် လူငယ်ထုအား အကြပ်ကိုင် လည်ပင်းညှစ်ခြင်းသာဖြစ်ကြောင်း နိုင်ငရေး အကဲခတ်များက ဆိုသည်။ #စစ်ခေါင်ဆောင်မင်းအောင်လှိုင် #နိုင်ငံကူးလက်မှတ်ဥပဒေသစ် #နိုင်ငံသားများ #နိုင်ငံမဲ့ #PSM_News Post navigation ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းအင်အား တစ်သိန်းနီးပါးရှိလာပြီး လစဉ် လူငယ် ၅,၀၀၀ ကျော် စုဆောင်းခံနေရ ကောလင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်တဲများ ပြိုပျက်၊ မသန်စွမ်းကလေးငယ်ရှိသည့် မိခင်များအတွက် အရေးပေါ်အကူအညီလိုအပ်နေ