PSM(News)

ဖေဖော်ဝါရီ ၁၉ ၊ ၂၀၂၆

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးသည် စစ်ကော်မရှင်နှင့် ပူးပေါင်းသွားခဲ့သော်လည်း ၎င်း၏တပ်ဖွဲ့ဝင် အင်အား (၁၅၀) ခန့်မှာမူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်းကာ လက်နက်အပ်နှံမှုများ ပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန် သည်။

NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဗိုလ်နဂါးနှင့် ၎င်း၏ လက်ရင်းတပည့်အချို့သည် လူသတ်မှု၊ သက်ငယ်မုဒိမ်းမှု အပါအဝင် ရာဇဝတ်ပြစ်မှု အများအပြား အတွက် အဖမ်းခံရမည့်ဘေးမှ ကင်းဝေးရန် စစ်ကော်မရှင်ထံ ခိုလှုံသွားခြင်းဖြစ်ကြောင်း သိရသည်။

ဗိုလ်နဂါးနှင့် အဖွဲ့သည် ပုလဲမြို့နယ်အတွင်း အမျိုးသမီးငယ် နှစ် ဦးအား သက်ငယ်မုဒိမ်း ကျူးလွန်မှု၊ PDF ရဲဘော်များအား ပစ်ခတ်သတ်ဖြတ်မှုနှင့် လူသတ်အလောင်းဖျောက်မှုများ၊ ပကဖ ရဲဘော် ၁၀ ဦးအား နှိပ်စက်ခြင်းနှင့် NUG စခန်းများအား စီးနင်းပစ်ခတ်ခြင်း စသည့်ရာဇဝတ်မှုများ ကျူးလွန်ထား၍ အရေးယူရန် ပြင်ဆင်စဉ် စစ်တပ်နှင့် ပူးပေါင်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ရာဇဝတ်မှုကျူးလွန်သူများကို ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် စတင်ဖမ်းဆီးရန် ဆောင်ရွက်နေစဉ် BNRA ဘက်က ပြန်လည်ခုခံသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိတွင် BNRA တပ်ဖွဲ့ဝင် ၁၅၀ ခန့်သည် တော်လှန်ရေးအင်အားစုများထံတွင် လက်နက်အပ်နှံကာ အလင်းဝင်ရောက်လာခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ဗိုလ်နဂါးသည် တော်လှန်ရေးလမ်းစဉ်ကြောင့် မဟုတ်ဘဲ ၎င်းကျူးလွန်ထားသည့် ရာဇဝတ်မှု များအတွက် တရားဥပဒေ၏ စီရင်မှုကို ရှောင်လွှဲရန် ရန်သူနှင့် ပူးပေါင်းသွားခြင်းသာဖြစ်ကြောင်း NUG ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဗိုလ်နဂါး စစ်တပ်နှင့် ပူးပေါင်းသွားသော်လည်း စိုးမိုးနယ်မြေများအတွင်း တရားဥပဒေစိုးမိုးရေးအတွက် ဆက်လက်ကိုင်တွယ်သွားမည်ဟု NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်က အတည်ပြုထားသည်။

#ရာဇဝတ်ပြစ်မှုအများအပြား

#ဗိုလ်နဂါး

#စစ်တပ်နှင့်ပူးပေါင်း

#BNRAတပ်ဖွဲ့ဝင်

#လက်နက်အပ်နှံ

#PSM_News

By Htet Ko