PSM(NEWS) ဖေဖော်ဝါရီလ ၁၉၊ ၂၀၂၆ ဆူဒန်နိုင်ငံတွင် ပြီးခဲ့သည့်အပတ်အတွင်း နှစ်ရက်တာကာလအတွင်း ဒရုန်းဖြင့် တိုက်ခိုက်မှုများကြောင့် အရပ်သား ၅၀ ကျော် သေဆုံးခဲ့ရသည့် သတင်းများအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက ဗုဒ္ဓဟူးနေ့တွင် စိုးရိမ်မကင်းဖြစ်မိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် တနင်္ဂနွေနေ့နှင့် တနင်္လာနေ့အကြား ဆူဒန်နိုင်ငံတစ်ဝန်းရှိ ပြည်နယ် ၄ ခုတွင် ဖြစ်ပွားခဲ့သော သီးခြားဒရုန်းတိုက်ခိုက်မှုများကြောင့် ကလေးငယ် ၁၅ ဦးအပါအဝင် အနည်းဆုံး အရပ်သား ၅၇ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဖော်လ်ကာ တာ့ခ်က ဤသတ်ဖြတ်မှုများသည် ဆူဒန်စစ်ပွဲတွင် ဒရုန်းများကို အသုံးပြုခြင်း၏ ဆိုးရွားလှသော နောက်ဆက်တွဲအကျိုးဆက်များကို သတိပေးနေခြင်းဖြစ်ပြီး၊ အရပ်သားများနှင့် အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများ ပစ်မှတ်ထားခံနေရသည်ဟု ဆိုသည်။ ကုလသမဂ္ဂ၏ အစီရင်ခံစာအရ တိုက်ခိုက်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပွားခဲ့သည် – တနင်္ဂနွေနေ့က မြောက်ကော်ဒိုဖန်ပြည်နယ်တွင်ဆူဒန်တပ်မတော် (SAF) ၏ ဒရုန်းဖြင့် တိုက်ခိုက်မှုဟု ယူဆရသော ဖြစ်စဉ်တွင် ဆူဒါရီဒေသရှိ အယ်လ်ဆာဖီယာ ဈေးအတွင်း အရပ်သား ၂၈ ဦး သေဆုံးခဲ့သည်။ တနင်္လာနေ့တွင် အနောက်ကော်ဒိုဖန်ပြည်နယ်၊အယ်လ်ဆူနွတ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို SAF က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၂၆ ဦး သေဆုံးခဲ့သည်။ တနင်္လာနေ့တွင်ပင် တောင်ကော်ဒိုဖန်ပြည်နယ်တွင်ပြိုင်ဘက်လက်နက်ကိုင်အဖွဲ့ဖြစ်သော လျင်မြန်တုံ့ပြန်ရေးတပ်ဖွဲ့ (RSF) က ဒီလင်မြို့ရှိ မူလတန်းကျောင်း နှစ်ကျောင်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကုလသမဂ္ဂက အစီရင်ခံထားသည်။ ကိုးကား Reuters #ဆူဒန် #ဒရုန်း_တိုက်ခိုက်မှု #ကုလသမဂ္ဂ #စိုးရိမ်မကင်း #အရပ်သား_၅၀_ကျော်သေဆုံး #PSM_News Post navigation လေကြောင်းဘေးကင်းလုံခြုံရေးဆိုင်ရာဥပဒေကြမ်းကိုအမေရိကန်အောက်လွှတ်တော်တွင်လာမည့်အပတ်၌ဆွေးနွေးမည် ဩဂုတ်နှင့် စက်တင်ဘာလအတွင်း ကျင်းပမည့် G20 ဘဏ္ဍာရေးဆိုင်ရာ အစည်းအဝေးများကို အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားတွင် လက်ခံကျင်းပမည်