PSM(NEWS)

ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်းက American Airlines (AAL.O) ၏ဒေသတွင်းပျံသန်းသောဂျက်လေယာဉ်တစ်စင်းနှင့် စစ်တပ်ပိုင် Black Hawk ရဟတ်ယာဉ်တို့ တိုက်မိရာမှ လူပေါင်း ၆၇ ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသားသယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံမှုဘုတ်အဖွဲ့ (NTSB) က စုံစမ်းစစ်ဆေးပြီးနောက် အကြံပြုချက်ပေါင်း ဒါဇင်နှင့်ချီ၍ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကို အခြေခံထားသည့် လေကြောင်းဘေးကင်းလုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော်တွင် လာမည့်အပတ်၌ စတင်ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဥပဒေကြမ်းကို ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက အထက်လွှတ်တော်တွင် ကန့်ကွက်သူမရှိ တညီတညွတ်တည်း အတည်ပြုခဲ့ပြီး ဖြစ်သည်။

ယင်းဥပဒေအရ ၂၀၃၁ ခုနှစ် အကုန်တွင် လေယာဉ်ပိုင်ရှင်များအနေဖြင့် ၎င်းတို့၏ လေယာဉ်များ၌ ADS-B ဟု ခေါ်ဆိုသည့် အလိုအလျောက် သတင်းပေးပို့စနစ် (Automatic Dependent Surveillance-Broadcast System) တပ်ဆင်ထားရန် လိုအပ်မည် ဖြစ်သည်။

ထို့အပြင် စီးပွားဖြစ်လေယာဉ်များနှင့် ရဟတ်ယာဉ်များ ပျံသန်းသည့် လမ်းကြောင်းများ၊ အထူးသဖြင့် လေဆိပ်များအနီးရှိ လမ်းကြောင်းများအပေါ် ကြီးကြပ်ကွပ်ကဲမှုများကို ပိုမိုမြှင့်တင်ရန်လည်း အဆိုပါ ဥပဒေက ပြဋ္ဌာန်းထားသည်။

လက်ရှိတွင် အောက်လွှတ်တော် သယ်ယူပို့ဆောင်ရေးကော်မတီနှင့် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မတီတို့မှ ခေါင်းဆောင်များသည် ဖြစ်ပွားခဲ့သော မတော်တဆမှုအပေါ် အခြေခံကာ ပေါ်ပေါက်လာသည့် ပြဿနာများကို ဘက်စုံဖြေရှင်းနိုင်မည့် ပြည့်စုံသော အောက်လွှတ်တော်ဥပဒေကြမ်းတစ်ရပ် တင်သွင်းနိုင်ရန် သီးခြားစီ လုပ်ဆောင်နေကြကြောင်း သယ်ယူပို့ဆောင်ရေးကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က ဝါရှင်တန်မြို့ရှိရော်နယ်ရေဂင်ဝါရှင်တန်အမျိုးသားလေဆိပ်သို့ဆင်းသက်ရန်ချဉ်းကပ်လာသည့် American Eagleလေယာဉ်အမှတ် ၅၃၄၂ သည် Black Hawkရဟတ်ယာဉ်တစ်စင်းနှင့် ပိုတိုမက်မြစ် အနီးတွင် တိုက်မိခဲ့ခြင်း ဖြစ်သည်။

ကိုးကား Reuters

#လေကြောင်းဘေးကင်းလုံခြုံရေး

#ဥပဒေကြမ်း

#အမေရိကန်

#အောက်လွှတ်တော်

#ရဟတ်ယာဉ်

#မတော်တဆမှု

#PSM_News

By Htet Ko