PSM(News)

ဇူလိုင် ၁၈ ၊၂၀၂၆

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် အာဏာလုစစ်အုပ်စုက တောတဲ (တောတွင်းယာယီတဲများ)များတွင် စစ်ဘေးရှောင်နေသည့် အပြစ်မဲ့အရပ်သား အမျိုးသား ငါးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ယခုအခါ အင်အား ၁,၀၀၀ ခန့်ဖြင့် တပ်ဖြန့်ကာ စစ်ကြောင်း ထိုးနေကြောင်း အညာမြေအရပ်ဘက်အဖွဲ့အစည်း (မြိုင်) ထံမှ သိရသည်။

ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) ၌ စုဖွဲ့ထွက်ခွာလာသော အင်အား ၇၀၀ ခန့်ပါ အဆိုပါစစ်ကြောင်းသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် ပေါက်မြို့နယ်ဘက်မှတစ်ဆင့် မြိုင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာပြီးနောက် ကန်နက်ရွာ၊ မြင်းကိုးသစ်ရွာ၊ ကိုင်းတောမရွာနှင့် ဝါးရင်းချိုင်ရွာတို့မှ အသက် ၃၁ နှစ်မှ ၇၂ နှစ်အထိ အရွယ်ရှိအမျိုးသား ငါးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

“သူတို့က ဘာလက်နက်မှမရှိဘဲ တောတဲတွေထဲမှာ ဒုက္ခသည်လို စစ်ပြေးရှောင်နေတဲ့ ပြည်သူတွေပါ။ အဲဒါကို စစ်ကြောင်းနဲ့တိုးတော့ ရက်ရက်စက်စက်ကို ဖမ်းဆီးသတ်ဖြတ်သွားကြတာ” ဟု အညာမြေအ ရပ်ဘက်အဖွဲ့အစည်း (မြိုင်) မှ ဆရာထွေးက PSM ကို ပြောသည်။

ထို့ပြင် အဆိုပါ အာဏာလုစစ်အုပ်စု စစ်ကြောင်းသည် ကျေးရွာများကိုပါ မီးရှို့ဖျက်ဆီးခဲ့ရာ ကန်နက်ရွာမှ နေအိမ် ၁၇ လုံး၊ လက်ခုပ်ပင်ရွာမှ နေအိမ် ၂၉ လုံး၊ ညောင်ကုန်းရွာမှ နေအိမ် ၆ လုံး၊ ကိုင်းတောရွာမှ နေအိမ် ၂ လုံးနှင့် ထန်းတောရွာမှ နေအိမ် ၄ လုံးတို့ ပြာကျပျက်စီးခဲ့ရကြောင်း ဆရာထွေးထံမှ သိရသည်။

အာဏာလု စစ်အုပ်စုသည် မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနိုင်ရန်အတွက် ပြီးခဲ့သည့် ဇွန် ၂၃ ရက်နေ့ကတည်းက ၎င်းတို့အခြေစိုက်ရာ မြိုင်စက်မှုဇုန် (၂) အတွင်းသို့ ရဟတ်ယာဉ်များဖြင့် ကနဦးစစ်ကူအင်အား ၁၀၀ ခန့် ဖြည့်တင်းထားခဲ့ပြီး ယနေ့ ဇူလိုင် ၁၈ ရက်တွင်မူ ထောက်ပို့ လေယာဉ်ပေါ်မှတစ်ဆင့် ခဲယမ်းများကို လေထီးဖြင့် ချပေးခဲ့ကြောင်း သိရသည်။

“မနေ့ နေ့လယ်ပိုင်းတုန်းက စက်မှု (၂) ထဲကို Y-8 ထောက်ပို့ယာဉ်နဲ့ ခဲယမ်းတွေ လေထီးနဲ့ချပေးနေတာ တွေ့ရတယ်။ လာမယ့်ရက်တွေမှာ ရေနံမှော်ဘက်ကို စစ်ကြောင်းထွက်ဖို့ ရှိတယ်လို့ ယူဆရတယ်” ဟု ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်က PSm ကိုပြောသည်။

‎လက်ရှိတွင် ပေါက်မြို့နယ်ဘက်မှ ဝင်လာသည့် စစ်ကြောင်းနှင့် မြိုင်စက်မှု (၂) အတွင်းရှိ အင်အားများ ပေါင်းစည်းကာ စုစုပေါင်း အင်အား ၁,၀၀၀ ခန့်ဖြင့် မြိုင်မြို့နယ်အတွင်း တပ်ဖြန့်စစ်ကြောင်းထိုးနေခြင်း ဖြစ်ပြီး အဆိုပါ အင်အားများကို မြိုင်စက်မှု (၂)၊ ကုန်းရွာ၊ ဝက်ပုပ်ရွာနှင့် ကျွဲတွင်းရွာတို့တွင် ဖြန့်ကြက်ချထားကြောင်း သိရသည်။

လတ်တလောတွင် အာဏာလုစစ်တပ်၏ ရိက္ခာနှင့် ထောက်ပို့ယာဉ်တန်းသည်လည်း စက်မှု (၂) အတွင်းသို့ ရောက်ရှိနေပြီး စစ်ရေးအရှိန်မြှင့်ရန် ပြင်ဆင်နေသဖြင့် မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်လုပ်သားများနှင့် ဒေသခံပြည်သူများအနေဖြင့် စစ်အုပ်စု၏ လေကြောင်းရန်အပါအဝင် စစ်ရေးအန္တရာယ်များကို အထူးဂရုပြု သတိထားကြရန် အညာမြေအရပ်ဘက်အဖွဲ့အစည်း (မြိုင်) က ထုတ်ပြန်ချက်ထုတ်၍ အသိပေးနှိုးဆော်ထားသည်။

ဓာတ်ပုံ-အညာမြေအရပ်ဘက်အဖွဲ့အစည်း (မြိုင်)

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *