PSM(News)

ဇူလိုင် ၁၇၊ ၂၀၂၆

အာဏာလုသမ္မတ မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်ကိုယ်တိုင် ကြိုးကိုင်ညှိနှိုင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၈ သန်း တန်ကြေးရှိ ရွှေပိဿာချိန် ၄၉၀ ခန့်ကို နိုင်ငံဖြတ်ကျော် တရားမဝင် ရောင်းချခဝါချရန် ကြိုးပမ်းခဲ့သည့် စစ်အုပ်စု၏ အစီအစဉ်ကို Justice For Myanmar (JFM) က ယနေ့ ဇူလိုင် ၁၇ ရက်နေ့တွင် အထောက်အထားများနှင့်တကွ ဖော်ထုတ်ခဲ့သည်။

မြန်မာစစ်တပ်၏ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှု စတင်ပြီးနောက်ပိုင်း လအနည်းငယ်အကြာတွင် ခင်သီရိသက်မွန် ဦးဆောင်သော အာဏာလုစစ်အုပ်စု ကွန်ရက်သည် ရွှေ ၈၀၀ ကီလိုဂရမ် (၄၉၀ ပိဿာခန့်) ကို ထိုင်း၊ လာအိုနှင့် ဟောင်ကောင်တို့မှတစ်ဆင့် ရောင်းချခဝါချရန် ကြိုးပမ်းခဲ့ခြင်းဖြစ် ကြောင်း JFM က ဆိုသည်။

ယခုဖော်ထုတ်ချက်များသည် JFM က လက်ခံရရှိထားသည့် စာချုပ်မူကြမ်းများ၊ ရည်ရွယ်ချက်ပါ သဘောတူညီမှု စာလွှာများနှင့် ပုဂ္ဂိုလ်ရေးအရ ဆက်သွယ်ပြောဆိုမှု အထောက်အထားများအပေါ် အခြေခံထားပြီး ခင်သီရိသက်မွန် ကြိုးကိုင်ခဲ့သည့် အဆိုပါ စစ်အုပ်စုကွန်ရက်သည် ယင်းရွှေများကို လာအိုစီးပွားရေးလုပ်ငန်းစုကြီး AIF Group ၏ လက်အောက်ခံကုမ္ပဏီတစ်ခုထံသို့ ရောင်းချရန်နှင့် ငွေပေးချေမှုများကို လာအိုအစိုးရပိုင် BIC Bank Lao မှတစ်ဆင့် ဆောင်ရွက်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရွှေအရောင်းအဝယ်တွင် မင်းအောင်လှိုင်မိသားစု၏ အနီးကပ်မိတ်ဖက်နှင့် စစ်လက်နက်ပွဲ စားဖြစ်သူ ထွန်းမင်းလတ်သည် ထိုစဉ်က ထိုင်းလွှတ်တော်အမတ်ဖြစ်သူ စီးပွားရေးမိတ်ဖက် ဥပကစ်ပါချာရီယန်ကွန်း နှင့်အတူ ကြားခံပွဲစားအဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

သို့သော် အဆိုပါရွှေအရောင်းအဝယ်သည် ငွေကြေးအာမခံချက်များနှင့် လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်မှုအစီအစဉ်များအပေါ် သဘောထားကွဲလွဲမှုများကြောင့် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် ပျက်ပြယ်သွားခဲ့သော်လည်း ခင်သီရိသက်မွန်အပါအဝင် စစ်ခေါင်းဆောင်များ၊ မိသားစုဝင်များနှင့် ခရိုနီများထံမှ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာ ခြိမ်းခြောက်မှုအန္တရာယ်များသည် ဒေသတွင်း၌ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း JFM က ထောက်ပြထားသည်။

အာဏာလုစစ်အုပ်စုသည် ဆိုက်ဘာလိမ်လည်မှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနှင့် တရားမဝင် လောင်းကစားလုပ်ငန်းများ အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်ကွန်ရက်ကြီး၏ ဗဟိုချက်တွင် ရှိနေပြီး ယင်းရာဇဝတ်မှုများမှ ရရှိသည့် ငွေကြေးများဖြင့် မြန်မာပြည်သူများအပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို ငွေကြေးပံ့ပိုးပေးနေခြင်း ဖြစ်ကြောင်း JFM ၏ ထုတ်ပြန်ချက်အရ သိရသည်။

“မင်းအောင်လှိုင်နဲ့ သူ့ရဲ့ တရားမဝင်စစ်အုပ်စုက မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန် နေတာ ငါးနှစ်ကျော်ရှိလာခဲ့ပါပြီ။ စစ်အုပ်စုက ရာဇဝတ်စီးပွားဂိုဏ်းတစ်ခုဖြစ်ပါတယ်။ JFM က ဖော်ထုတ်မှတ်တမ်းတင်ထားတဲ့ ရွှေခဝါချဖို့ ကြိုးပမ်းမှုအကြံအစည်အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ အဆမတန် မြင့်တက်လာမှုအတွက် တာဝန်ရှိတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားခဲ့သည်။

ထို့ကြောင့် ထိုင်းနိုင်ငံအပါအဝင် အခြားသောဒေသတွင်းအစိုးရများအနေဖြင့် အာဏာလုစစ်အုပ်စုကို အစိုးရတစ်ရပ်အဖြစ် အသိအမှတ်မပြုဘဲ ၎င်းတို့ကျူးလွန်နေသည့် ရာဇဝတ်မှုများအတွက် တာဝန်ခံမှု ရှိစေရေး လုပ် ဆောင်ရန်၊ အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနှင့် သြစတြေးလျနိုင်ငံတို့အနေဖြင့် စစ်အုပ်စုနှင့် ၎င်းတို့၏ခရိုနီများအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများကို အရေးတကြီး တိုးချဲ့ချ မှတ်ရန် Justice For Myanmar က တောင်းဆိုထားသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *