PSM (News)

မတ် ၁၈၊ ၂၀၂၆

စစ်ကော်မရှင်က အသက်သွင်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ လက်ရှိအချိန်အထိ သင်တန်း ဆင်းပြီးသည့် တပ်သားအင်အား တစ်သိန်းနီးပါး ရှိလာပြီဖြစ်ကြောင်း မြန်မာစစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့ (MDSI) ထံမှ သိရသည်။

MDSI ၏ လေ့လာဆန်းစစ်ချက်များအရ စစ်ကော်မရှင်သည် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၀) အထိ သင်တန်းဆင်းပေးခဲ့ပြီးဖြစ်ကာ သင်တန်းအမှတ်စဉ် တစ်ခုလျှင် ပျမ်းမျှ သင်တန်းသား ၄,၈၀၀ ဝန်းကျင် စုဆောင်းရရှိခဲ့သည်ကို တွေ့ရှိရသည်။

ထို့ပြင် စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းရရှိသူအချို့ကို အခြေခံတပ်သားသစ် သင်တန်းများသို့လည်း ခွဲဝေပို့ ဆောင်၍ လေ့ကျင့်ပေနေကြောင်း သိရသည်။

“စစ်ကော်မရှင်တပ်ဟာ စစ်မှုထမ်းဥပဒေကို အသုံးချပြီး လစဉ် လူငယ် ၅,၀၀၀ ကျော်ကို ဖမ်းဆီးစုဆောင်း ရရှိနေတယ်လို့ သုံးသပ်နိုင်ပါတယ်။ အခုဆိုရင် ဖေဖော်ဝါရီ ၁၈ ရက်အထိ စစ်မှုထမ်းအမှတ်စဉ် (၂၂) အထိ ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်” ဟု MDSI ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့က သင်တန်းအမှတ်စဉ် (၂၀) ကို သင်တန်းဆင်းပေးခဲ့ပြီးဖြစ်ကာ လက်ရှိတွင် အမှတ်စဉ် (၂၂) ကို ဆက်လက်လေ့ကျင့်ပေးလျက်ရှိသည်။

ယခုကဲ့သို့ စစ်မှုထမ်းဥပဒေကို အတင်းအဓမ္မ ဖော်ဆောင်နေခြင်းကြောင့် လူငယ်ထောင်ပေါင်းများစွာမှာ ဥပဒေမဲ့ ဖမ်းဆီးစုဆောင်းခံနေရပြီး ရှေ့တန်းစစ်မြေပြင်များတွင်လည်း အများအပြား ထိခိုက်သေဆုံး မှုများ ကြုံတွေ့နေရကြောင်း သိရသည်။

စစ်ကော်မရှင်၏ အဆိုပါလုပ်ရပ်သည် နိုင်ငံ၏ နေ့စဉ်လူမှုဘဝနှင့် လူငယ်ထု၏ အနာဂတ်ကို များစွာ ထိခိုက်ပျက်စီးစေသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာကို လုပ်ဆောင်နေခြင်း ဖြစ်ဖြစ် ကြောင်း CDM အရာရှိများက ဆိုသည်။

ဓာတ်ပုံ-စစ်ကော်မရှင်တယ်လီဂရမ်

#ပြည်သူ့စစ်မှုထမ်း

#သင်တန်းဆင်းအင်အား

#တစ်သိန်းနီးပါး

#လူငယ်၅၀၀၀

#စုဆောင်း

#PSM_News

By Htet Ko