ချယ်ရီကိုကို/ PSM (News) မတ် ၁၇၊ ၂၀၂၆ တော်လှန်ရေးနယ်ပယ်မှ နာမည်ကြီး သဘင်ပညာရှင်များစွာ စုပေါင်းဖျော်ဖြေကြမည့် “မြန်မာဇာတ်ပွဲ ကြည့်ရအောင်” ရန်ပုံငွေပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ယနေ့ မတ်လ ၁၈ ရက် ညပိုင်းတွင် တော်လှန်ဇာတ်သဘင် အစီအစဉ်အဖြစ် စည်ကားသိုက်မြိုက်စွာ ကပြဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဇာတ်သဘင်ဖျော်ဖြေပွဲကို တော်လှန်ရေးကာလအတွင်း ပြည်သူများ စိတ်အပန်းပြေစေရန်နှင့် ရရှိလာသည့် လက်မှတ်ရောင်းချရငွေများကို အောင်ဆန်းမျိုးဆက်တပ်ရင်း သို့ ရာနှုန်းပြည့် ထောက်ပံ့လှူဒါန်းသွားရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။ “တော်လှန်ရေးမှာ ပါဝင်နေတဲ့ သဘင်ပညာရှင် အားလုံးနီးပါး ပါဝင်တဲ့ပွဲဖြစ်ပါတယ်။ ပြည်သူတွေဟာ ဒီကာလထဲမှာ မွန်းကျပ်နေတယ်။ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရတယ်၊ ဒါတွေကို အပန်းပြေနိုင် ဖို့အတွက် ရည်ရွယ်ပါတယ်။ အဲလိုရည်ရွယ်ရာမှာလည်း အလဟဿမဟုတ်ဘဲ တော်လှန်ရေးအတွက် လည်း ပါဝင်လို့ရအောင် အခုလိုမျိုးပွဲလေး စီစဉ်ဖြစ်တာပါ” ဟု ပွဲဖြစ်မြောက်ရေး ဦးဆောင်သူ မင်းသား သားအောင်ဆက်က PSM ကို ပြောသည်။ ယနေ့ည ဖျော်ဖြေပွဲတွင် CDM မင်းသား ရန်ငြိမ်းသူ၊ မင်းသား အောင်မြင်ဗိုလ်၊ သားအောင်ဆက်၊ စုမြတ်၊ အိအိအောင်၊ သက်ထားခင် တို့နှင့်အတူ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ CDM ပြုလုပ်ခဲ့သူ မင်းသမီး စန်းနီလာဝင်း၊ ဝါဝါလှိုင်၊ ရာလေးနှင့် နှင်းသီရိလွင်တို့က မြန်မာ့ရိုးရာ အကအလှ များဖြင့် တင်ဆက်ကြမည် ဖြစ်သည်။ မင်းသမီးစန်းနီလာဝင်းသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ထုတ်လုပ်ဌာနခွဲမှ ဦးစီး အရာရှိဖြင့် CDM တွင်ပါဝင်ခဲ့သူဖြစ်ပြီး သူမတာဝန်ထမ်းဆောင်ခဲ့စဉ်အချိန်က နိုင်ငံတော်ပွဲများတွင် မပါမဖြစ် ကပြခဲ့ရသူဖြစ်သည်။ ထို့ပြင် မင်းသမင်းတစ်လက်ဖြစ်သည့် ရာလေးသည်လည်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) ၏ တတိယနှစ်ကျောင်းသူဘဝကို စွန့်လွှတ်ကာ ပြည်သူနှင့်အတူ ရပ်တည်ခဲ့သည့် CDM ကျောင်းသူဖြစ်သည်။ ရာလေးသည် ဒါရိုက်တာကိုပေါက် ရိုက်ကူးသည့် “ပြုံးပြုံးလေး” ရုပ်ရှင်ကားတွင် ခေါင်းဆောင် မင်းသမီးအဖြစ် ပါဝင် သရုပ်ဆောင်ခဲ့သူဖြစ်သည်။ ထို့ပြင် ရွာစားဖိုးသင်္ကြန်၏ ဆိုင်းဝိုင်း၊ ဂီတမှူး ကိုဖြိုး(ကီးဘုတ်)နှင့်အတူ လူရွှင်တော် အောင်သော် ဦးဆောင်သည့် “နွေဦးကာရံ ဒေါင်းတို့အားမာန်” အဖွဲ့မှ လူရွှင်တော်များဖြစ်ကြသော ဖိုးချစ်၊ လင်းနဂါး၊ လူမဲနှင့် ပလာတာတို့ကလည်း ပဒေသာ ကပွဲနှင့် ပြဇာတ်များဖြင့် ယနေ့ညတွင် အားဖြည့် ဖျော်ဖြေသွားမည် ဖြစ်သည်။ “ဖျော်ဖြေတင်ဆက်မှုတွေအနေနဲ့ကတော့ မြန်မာ့ရိုးရာစစ်စစ်တွေကိုပဲ ချပြသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး ကြိုးစားထားကြပါတယ်။ ဘယ်လိုဖျော်ဖြေမှုတွေလဲဆိုတာသိချင်ရင်တော့ လက်မှတ်ဝယ်ပြီး အားပေးကြမှသိနိုင်ပါလိမ့်မယ်။ ပြောပြလို့မရအောင် တန်ဖိုးရှိတဲ့ ရိုးရာစစ်စစ်တွေကို မြင်ရမယ်လို့ပြောချင်ပါတယ်”ဟု သားအောင်ဆက်က ဆိုသည်။ မဲဆောက်မြေပြင်ပွဲသို့ မလာရောက်နိုင်သည့် ပြည်တွင်းပြည်ပ ပရိသတ်များအတွက်လည်း လာမည့် ဧပြီလ ၅ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် ရန်ပုံငွေလက်မှတ်များဖြင့် ပြန်လည်ပြသသွားမည် ဖြစ်ကြောင်း ပွဲတာဝန်ရှိသူများထံမှ သိရသည်။ ဓာတ်ပုံ- မြန်မာဇာတ်ပွဲကြည့်ရအောင် #မြန်မာဇာတ်ပွဲကြည့်ရအောင် #တော်လှန်ဇာတ်သဘင် #မဲဆောက် #ယနေ့ည #ရန်ပုံငွေပွဲ #PSM_News Post navigation MNDAA နှင့် TNLA တို့ တွေ့ဆုံဆွေးနွေးမှုကို ယာယီသမ္မတ ဒူဝါလရှီးလ ကြိုဆို၊ တော်လှန်ရေး အကျိုးကို ရှေးရှုရန် တိုက်တွန်း ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းအင်အား တစ်သိန်းနီးပါးရှိလာပြီး လစဉ် လူငယ် ၅,၀၀၀ ကျော် စုဆောင်းခံနေရ