PSM(NEWS)

မတ် ၁၈၊ ၂၀၂၆

အီရန်နိုင်ငံ၏ ရေနံထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှု လုပ်ငန်းစဉ်များသည် အနှောင့်အယှက် တစ်စုံတစ်ရာမရှိဘဲ ဆက်လက် လည်ပတ်နေကြောင်း ပါလီမန်စွမ်းအင်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ထို့အပြင် ခါ့ဂ်ကျွန်း ပေါ်ရှိနေ့စဉ်လူမှုဘဝများသည်လည်းပုံမှန်အတိုင်းပင်ရှိနေကြောင်း ၎င်းကဆိုသည်။

ရေနံတင်ပို့သည့် နိုင်ငံများအဖွဲ့ (OPEC) အဖွဲ့ဝင် အီရန်နိုင်ငံ၏ ပင်လယ်ရေကြောင်းရေနံတင်ပို့မှု ၉၀ ရာခိုင်နှုန်းခန့်ကို ကိုင်တွယ်ပေးနေသည့် အဓိကရေနံတင်ပို့ရာ ဗဟိုချက်ဖြစ်သော ခါ့ဂ်ကျွန်းပေါ်ရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်အချို့ကို ပြီးခဲ့သည့်အပတ်က အမေရိကန်ပြည်ထောင်စု မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အီရန်အခြေစိုက်တစ္စနင် (Tasnim) သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါ လွှတ်တော်အမတ်ဖြစ်သူ ပြောရေးဆိုခွင့်ရှိသူက အီရန်၏ခြိမ်းခြောက်မှုကို ထပ်လောင်းပြောဆိုခဲ့ရာတွင် – ခါ့ဂ်ကျွန်းအပေါ် မည်သည့်နိုင်ငံခြား ကျူးကျော်မှုမဆို “ဟော်မုဇ်ရေလက်ကြား ထက် ပိုမိုကြီးမားသော အရှက်ရမှု”ကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

အမေရိကန်၊ အစ္စရေးနှင့် ၎င်းတို့၏ မဟာမိတ်များနှင့် ဆက်နွှယ်နေသော သင်္ဘောများကို ဟော်မုဇ်ရေလက်ကြား၌ အီရန်က ဖြတ်သန်းခွင့် ပိတ်ပင်ထားဆဲဖြစ်သည်။

ကိုးကား Reuters

#အီရန်

#ရေနံထုတ်လုပ်မှု

#တင်ပို့မှု_ဆက်လက်လည်ပတ်

#အမေရိကန်_အစ္စရေး_မဟာမိတ်သင်္ဘော

#ဟော်မုဇ်ရေလက်ကြား

#ဖြတ်သန်းခွင့်_ပိတ်ပင်

#PSM_News

By Htet Ko