PSM(NEWS)

မတ် ၁၈၊ ၂၀၂၆

အီရန်နိုင်ငံ၏ ခေါင်းဆောင်ပိုင်းကို အကြီးအကျယ် ထိုးနှက်လိုက်သည့်အနေဖြင့် ညတွင်းချင်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း အီရန်ထိပ်တန်း လုံခြုံရေးအရာရှိကြီးနှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း အစ္စရေးက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

အီရန်ဘက်ကမူ အဆိုပါ သေဆုံးမှုများကို ချက်ချင်းအတည်ပြုခြင်း မရှိသေးဘဲ အိမ်နီးချင်း ပင်လယ်ကွေ့ အာရပ်နိုင်ငံများနှင့် အစ္စရေးနိုင်ငံတို့ထံသို့ ဒုံးကျည်များနှင့် ဒရုန်းများဖြင့် အရှိန်အဟုန်မြှင့် တုံ့ပြန်တိုက်ခိုက်ခဲ့ရာ စစ်မီးမှာ ငြိမ်းအေးမည့်လက္ခဏာ မတွေ့ရသေးပေ။

အီရန်နိုင်ငံတော် လုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီ လာရီဂျာနီနှင့် တော်လှန်ရေးအစောင့်တပ်၏ ဘာစီ့ဂျ် (စေတနာ့ဝန်ထမ်းတပ်ဖွဲ့) အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂိုလမ် ရေဇာ ဆိုလေမန်နီ တို့ကို “မနေ့ညက အမြစ်ဖြတ်သုတ်သင်နိုင်ခဲ့သည်” ဟု အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်ဇ်က ပြောကြားသည်။

လာရီဂျာနီသည် စစ်ပွဲစတင်သည့် ပထမဆုံးနေ့တွင် အဆင့်မြင့်ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားပြီးနောက်ပိုင်း နိုင်ငံ၏ သြဇာအရှိဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။

အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးစလုံးသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက အီရန်၏ ၄၇ နှစ်ကြာ ဘာသာရေးအခြေခံ အုပ်ချုပ်ရေးစနစ်ကို စိန်ခေါ်ခဲ့သည့် ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူများဖြစ်သည်။

ယခုကဲ့သို့ ခေါင်းဆောင်ပိုင်းများကို သုတ်သင်ခံရခြင်းသည် ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံးသော စမ်းသပ်မှုနှင့် ရင်ဆိုင်နေရသည့် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံအတွက် အရေးပါသော ခေါင်းဆောင်များ ဆုံးရှုံးသွားခြင်းပင် ဖြစ်သည်။

ကိုးကား AP

#အစ္စရေး

#အီရန်နိုင်ငံ_ခေါင်းဆောင်ပိုင်း

#ဗုံးကြဲတိုက်ခိုက်မှု

#ထိပ်တန်းအရာရှိကြီးနှစ်ဦး

#အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ

#PSM_News

By Htet Ko