PSM News ဖေဖော်ဝါရီ ၁၈ ၊ ၂၀၂၆ BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါးနှင့် ၎င်း၏ မိသားစုဝင်များ၊ နောက်လိုက် လက်ရင်းတပည့်အချို့သည် ယနေ့ ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းတွင် စစ်ကော်မရှင်နှင့် ပူးပေါင်းသွား ကြောင်း သိရသည်။ နိုင်လင်း (ခေါ်) နဂါးနှင့် အဖွဲ့သည် ယနေ့ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၏ ဘောလုံးကွင်း၌ စစ်ကော်မရှင်က ကြိုတင်စေလွှတ်ထားသော Mi-17 ရဟတ်ယာဉ်နှစ်စင်းဖြင့် ချိတ်ဆက်ကာ လိုက်ပါသွားခဲ့ခြင်းဖြစ်သည်။ ပထမရဟတ်ယာဉ်ပေါ်သို့ မျက်နှာဖုံးစွပ်ထားသူ သုံး ဦး ဦးစွာတက်သွားပြီး ဒုတိယရဟတ်ယာဉ်ပေါ်သို့ လူ ၂၀ ခန့်က မျက်နှာပဝါများအုပ်၍ လိုက်ပါသွားခဲ့ကြောင်း မြေပြင် ပြောကြားချက်များအရ သိရသည်။ ၎င်းသည် မိသားစုဝင်များအပြင် လက်နက်မျိုးစုံ၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကိုပါ တစ်ပါတည်း ယူဆောင်သွားခဲ့ပြီး စစ်ကော်မရှင်နှင့် ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်ကာ ပူးပေါင်းသွားခြင်း ဖြစ်သည်။ စစ်ကော်မရှင်ဘက်က ၎င်းအား ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူအဖြစ် ဝါဒဖြန့် ထုတ်ပြန် ထားသော်လည်း မြေပြင်မှ ထွက်ပေါ်လာသည့် မှတ်တမ်းဓာတ်ပုံများအရ နိုင်လင်း (ခေါ်) နဂါးသည် စစ်ကော်မရှင်ထံ လက်နက်အပ်နှံရာတွင် ခါးကြား၌ ပစ္စတိုတစ်လက်ကို အသင့်ထိုးထားကာ ဟန်မပျက်ရှိသည်ကို တွေ့ရသည်။ အဆိုပါ အခြေအနေသည် ရန်သူထံ လက်နက်ချ အညံ့ခံခြင်းမျိုး မဟုတ်ဘဲ တော်လှန်ရေး အင်အားစုများကို ကျောခိုင်း၍ စစ်ကော်မရှင်နှင့် တရားဝင် ပူးပေါင်းသွားခြင်းဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက ဆိုသည်။ “ဗိုလ်နဂါးကို စစ်ချပ်ဝတ်တန်ဆာ မချွတ်၊ လက်ထိပ်မခတ်၊ သေနတ်ခါးချိတ်လျက် ပြတယ်ဆိုတာ အရင်ကတည်းက သူ့လူဖြစ်ကြောင်း ဝါဒမှိုင်းကို ပြချင်တာလားပေါ့။ ဘယ်လိုပဲဆိုဆို ပုလဲနယ် တော်တော်များများနဲ့ ဗိုလ်နဂါးရောက်ဖူးတဲ့ နေရာတွေမှာ လေကြောင်းရန် အထူးဂရုစိုက်ရတော့မယ်လို့ မြင်တယ်” ဟု စစ်ကိုင်းတိုင်းရှိ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက PSM ကိုပြောသည်။ NUG နှင့် ညှိနှိုင်းဆွေးနွေးမှုကို လက်မခံဘဲ တိုက်ပွဲစတင်ခဲ့သည့် နိုင်လင်း(ခေါ်)နဂါးသည် ယခုကဲ့သို့ စစ်ကော်မရှင်နှင့် ပူးပေါင်းသွားခြင်းကြောင့် ၎င်းသိရှိထားသည့် တော်လှန်ရေးအဖွဲ့များ၏ တည်နေရာနှင့် လျှို့ဝှက်ချက်များကို စစ်ကော်မရှင်ထံ သတင်းပေးနိုင်သဖြင့် တော်လှန်ရေးရဲဘော်များအတွက် အန္တရာယ်ရှိလာနိုင်ကြောင်း သိရသည်။ လက်ရှိတွင် နိုင်လင်း (ခေါ်) နဂါးနှင့် အဖွဲ့အား စစ်ကော်မရှင်က ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင် သွားပြီးနောက် လိုအပ်သည့် ကူညီထောက်ပံ့မှုများ၊ ဆေးဝါးကုသမှုများနှင့် အုပ်ချုပ်မှုကိစ္စရပ်များအား အဆင်ပြေစေရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ #ဗိုလ်နဂါး #မိသားစုဝင်များ #နောက်လိုက်အချို့ #စစ်ကော်မရှင် #ပူးပေါင်း #PSM_News Post navigation ထားဝယ်မြို့နယ်ရှိ စစ်ကော်မရှင် တပ်စခန်းနှင့် ဂိတ်စခန်းတို့ကို တိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ထိုင်းနိုင်ငံ မြန်မာနှင့် အာဆီယံအကြား ဆက်သွယ်ရေးလမ်းကြောင်းအဖြစ် ဆောင်ရွက်လိုဟု ပြောကြား