PSM (News) ဖေဖော်ဝါရီ ၁၈ ၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာရှိ စစ်ကော်မရှင်၏ (GTC) တပ်စခန်းနှင့် ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တပြိုင်နက် ဝင်ရောက်တိုက်ခိုက် ခဲ့ရာ စစ်ကော် မရှင်ဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၉ ဦး သေဆုံးခဲ့ကြောင်း ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA) က ထုတ်ပြန်သည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၆ နာရီခန့်တွင် စတင်ခဲ့သည့် အဆိုပါတိုက်ပွဲသည် လေးနာရီနီးပါး ကြာမြင့်ခဲ့ပြီး (GTC) တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ယာယီသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဆက်လက်တိုက်ခိုက်နေစဉ် စစ်ကော်မရှင်ဘက်မှ စစ်ကူစစ်ကြောင်းများ ရောက်ရှိလာသဖြင့် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရ သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း Type 81 စက်လက် ၁လက်၊ G3 ၁၃လက်၊ G4 ၂လက်၊ AK 47 ၁လက်၊ MA 5 ၁လက် G3 ကျည်ဘောက် ၇၃ဘောက်၊ Type 81 ကျည်ဘောက် ၁ဘောက်၊ AK ကျည်ဘောက် ၁ဘောက်၊ G3 ကျည် ၃၀၀၀တောင့်၊ လက်ပစ်ဗုံး ၁၂လုံး၊ AK ကျည် ၁၀၀တောင့်၊ စကားပြောစက် ၅လုံးနှင့် ဆက်စပ်ပစ္စည်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ ယခုစစ်ဆင်ရေးကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်းနှင့် ထားဝယ်-ပကဖ (DGRF) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးအရှိန်မြှင့်နေသည့်အတွက် ပြည်သူများ အနေဖြင့် စစ်ရေးအထူးသတိပြုသွားလာနေထိုင်ကြရန်၊ စစ်ကော်မရှင်တပ်မှ အချိန်မရွေးလေကြောင်း အသုံးပြုတိုက်ခိုက်မှုများ ရှိနိုင်သောကြောင့် ပြည်သူများ လေကြောင်းရန်ကာကွယ်ရေးနှင့် ပတ်သတ်သည့် သတင်းအချက်အလက်များကို လိုက်နာကျင့်သုံးကြရန် DNLAက အသိပေးထားသည်။ တော်လှန်ရေးစစ်ရေးအရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်ရပ်တည်လိုသော စစ်ကော်မရှင်တပ်မှ စစ်သည်၊ ရဲတပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင်ခိုလှုံ၍ အမြန်ဆုံးပူးပေါင်းကြရန်လည်း တိုက်တွန်းထားသည်။ #PSM_News #ထားဝယ် #စခန်းသိမ်း #တပြိုင်နက်တိုက်ခိုက် Post navigation မော်ဒယ် လုလုအောင်က ရခိုင်စစ်ဘေးရှောင် ကလေးငယ်များ နို့မှုန့်အာဟာရပြည့်၀စေရန် လှူဒါန်းမှုများ ပြုလုပ် ဗိုလ်နဂါးက မိသားစုဝင်များနှင့် ၎င်း၏နောက်လိုက်အချို့ကိုခေါ်ယူ၍ စစ်ကော်မရှင်နှင့်ပူးပေါင်း