PSM NEWS

ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆

ဩစတြေးလျနိုင်ငံမှ ရှားပါး တွားသွားသတ္တဝါများကို Popcorn ပြောင်းဖူးပေါက်ပေါက်ထုပ်များနှင့် မုန့်သေတ္တာများအတွင်း ဝှက်ကာ ပြည်ပသို့ ပါဆယ်ပို့ရန် ကြိုးပမ်းခဲ့သည့် ဆစ်ဒနီမြို့အခြေစိုက် အမျိုးသားတစ်ဦးအား ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၃ ရက်တွင် ချမှတ်ခဲ့သည့် အဆိုပါ ၈ နှစ် ထောင်ဒဏ်သည် တောရိုင်းတိရစ္ဆာန် မှောင်ခိုကူးမှုဆိုင်ရာ အမှုများအတွက် စံချိန်တင် ပြစ်ဒဏ်တစ်ရပ်ဖြစ်ကြောင်း ဖက်ဒရယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အရာရှိများက ထုတ်ပြန်ခဲ့သည်။

အသက် ၆၁ နှစ်အရွယ် နေးလ်ဆင်မ်ဆင်ကို ဆစ်ဒနီခရိုင်တရားရုံးက အနည်းဆုံး ထောင်ဒဏ် ၅ နှစ်နှင့် ၄ လ ကျခံရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဟောင်ကောင်၊ တောင်ကိုရီးယား၊ သီရိလင်္ကာနှင့် ရိုမေးနီးယားနိုင်ငံများသို့ ပေးပို့ရန် ပြင်ဆင်ထားသည့် ပါဆယ်ထုပ်များအတွင်းမှ ဩစတြေးလျဒေသရင်း တွားသွားသတ္တဝါ ၁၀၁ ကောင်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း အရာရှိများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်အရ “တွားသွားသတ္တဝါများကို အဝတ်အိတ်ငယ်များအတွင်း ထည့်သွင်းပြီး၊ ထိုအိတ်များကို ပြောင်းဖူးပေါက်ပေါက်ထုပ်များ၊ မုန့်သေတ္တာများနှင့် အမျိုးသမီး လက်ကိုင်အိတ်များအတွင်း ထပ်မံဝှက်ဖုံးကာ ကတ်ထူဖာများနှင့် ထည့်သွင်းပေးပို့ထားခြင်းဖြစ်သည်” ဟု သိရသည်။

ပြစ်မှုကျူးလွန်သူသည် ၎င်းကိုယ်စား အခြားသူများကို အသုံးပြု၍ ပါဆယ်ပို့ရန် ကြိုးပမ်းခဲ့သော်လည်း အစိုးရ စုံစမ်းစစ်ဆေးရေးမှူးများနှင့် နယူးဆောက်ဝေးလ် ရဲတပ်ဖွဲ့တို့၏ ပူးပေါင်းစုံစမ်းမှုဖြင့် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

နယူးဆောက်ဝေးလ် အစိုးရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက “တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုသည် နစ်နာသူမရှိသည့် ပြစ်မှုမျိုးမဟုတ်ကြောင်း” ပြောကြားကာ ယခုလုပ်ရပ်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ထိခိုက်စေသည့်အပြင် ဩစတြေးလျနိုင်ငံ၏ ထူးခြားသည့် ဇီဝမျိုးကွဲများကိုလည်း ဆုံးရှုံးစေနိုင်ကြောင်း သတိပေးခဲ့သည်။

ကိုးကား — The Straits Times

#တောရိုင်းတိရစ္ဆာန်မှောင်ခိုကူးမှု

#ဩစတြေးလျသတင်း

#သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

#တရားမဝင်ရောင်းဝယ်မှု

#နိုင်ငံတကာမှုခင်းသတင်း

#PSM_News

By Htet Ko