PSM NEWS

ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ပ် က ထိုင်ဝမ်သို့ စစ်လက်နက်ပစ္စည်းများ ထပ်မံပေးပို့မည်၊ မပေးပို့မည်ကို မကြာမီ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ ထိုသို့ ဆုံးဖြတ်ရာတွင် တရုတ်သမ္မတ၏ သတိပေးချက်များလည်း ရှိနေသည်ဟု ဆိုသည်။

“ကျွန်တော် သူနဲ့ ဒီကိစ္စကို ဆွေးနွေးနေပါတယ်။ ကောင်းမွန်တဲ့ စကားပြောဆိုမှုတစ်ခု ရှိခဲ့ပြီး မကြာခင်မှာ ဆုံးဖြတ်ချက် ချမှတ်သွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းကို မိမိတို့ နယ်နိမိတ်အဖြစ် ကြေညာထားသည့် တရုတ်ခေါင်းဆောင်နှင့် “ကောင်းမွန်သော ဆက်ဆံရေး” ရှိကြောင်းလည်း ဖြည့်စွက်ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်က ဖုန်းဆက်ဆွေးနွေးရာတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် က အမေရိကန်–တရုတ် ဆက်ဆံရေးတွင် “အပြန်အလှန် လေးစားမှု” ရှိရန် တောင်းဆိုခဲ့ပြီး ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသည့် ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုနှင့် ပတ်သက်၍ ဝါရှင်တန်ဘက်ကို သတိပေးခဲ့ကြောင်း သိရသည်။

တရုတ်အစိုးရပိုင် ရုပ်သံဌာန၏ ဖော်ပြချက်အရ “ထိုင်ဝမ်အရေးသည် တရုတ်–အမေရိကန် ဆက်ဆံရေးတွင် အရေးအကြီးဆုံး ပြဿနာဖြစ်သည်။ အမေရိကန်အနေဖြင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချရေးကိစ္စကို အထူးသတိထား ကိုင်တွယ်ရမည်” ဟု ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။ ခေါင်းဆောင်နှစ်ဦးသည် လာမည့် ဧပြီလတွင် ပေကျင်းမြို့၌ တွေ့ဆုံရန် စီစဉ်ထားသည်။

တရုတ်ကွန်မြူနစ်ပါတီသည် ထိုင်ဝမ်ကို တစ်ကြိမ်တစ်ခါမျှ အုပ်ချုပ်ခဲ့ဖူးခြင်း မရှိသော်လည်း လူဦးရေ ၂၃ သန်းရှိသည့် အဆိုပါကျွန်းကို မိမိတို့ပိုင်နက်အဖြစ် ကြေညာထားပြီး လိုအပ်ပါက အင်အားသုံး သိမ်းယူမည်ဟုလည်း ပြောဆိုထားသည်။

အမေရိကန်သည် ထိုင်ဝမ်ကို နိုင်ငံတစ်ခုအဖြစ် တရားဝင် အသိအမှတ်ပြုထားခြင်း မရှိသော်လည်း ထိုင်ဝမ်၏ အဓိက စစ်ရေးကျောထောက်နောက်ခံပေးနေသည့် နိုင်ငံဖြစ်သည်။ သို့ရာတွင် ဒေါ်နယ်ထရမ့်ပ်၏ ဒုတိယ သမ္မတသက်တမ်းတွင် ထောက်ခံအားပေးမှု လေသံမှာ အနည်းငယ် ပျော့ပြောင်းလာသည်ဟု သုံးသပ်ချက်များ ရှိနေသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလတွင် အမေရိကန်သည် ထိုင်ဝမ်သို့ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံတန်ဖိုးရှိ လက်နက်များ ပေးပို့ရန် အတည်ပြုခဲ့ကြောင်း ထိုင်ဝမ်ဘက်က ထုတ်ပြန်ခဲ့သည်။ ထိုအတည်ပြုပြီး မကြာမီတွင် တရုတ်နိုင်ငံက ထိုင်ဝမ်၏ အဓိက ဆိပ်ကမ်းများကို ပိတ်ဆို့သည့် ပုံစံတူ စစ်ရေးလေ့ကျင့်မှုကြီး ပြုလုပ်ခဲ့သည်။

ဖေဖော်ဝါရီ ၁၄ ရက်က တရုတ်၏ ထိပ်တန်းသံတမန် ဝမ်ယိ က အမေရိကန်အနေဖြင့် ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ “ပူးပေါင်းကြံစည်မှုများ” မပြုလုပ်ရန် သတိပေးခဲ့ပြီး ထိုသို့ ပြုလုပ်ပါက တရုတ်နှင့် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံတွင် ကျင်းပသည့် မြူးနစ်လုံခြုံရေးညီလာခံ (Munich Security Conference) တွင်လည်း အနာဂတ် အမေရိကန်၏ တရုတ်မူဝါဒသည် ထိုင်ဝမ်မှတစ်ဆင့် တရုတ်ကို ခွဲထုတ်ရန် ကြိုးပမ်းလာနိုင်ကြောင်း၊ ထိုသို့ ဖြစ်လာပါက တရုတ်၏ “အနီရောင်စည်း” ကို ကျော်လွန်လာနိုင်ကြောင်း ဝမ်ယိက ပြောဆိုခဲ့သည်။

ထိုင်ဝမ်သည် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း စစ်တပ် အဆင့်မြှင့်တင်ရေးအတွက် ဒေါ်လာဘီလီယံများစွာ အသုံးပြုခဲ့သော်လည်း တရုတ်၏ အန္တရာယ်ကို ကာကွယ်ရန် ယခုထက် ပိုမို အားဖြည့်ရန် အမေရိကန်၏ ဖိအားပေးမှုများကို ရင်ဆိုင်နေရသည်။

ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ် က ရှစ်နှစ်အတွင်း စစ်သုံးစရိတ်အတွက် အပိုဆောင်းရန်ပုံငွေ ဒေါ်လာ ၄၀ ဘီလီယံ အသုံးပြုရန် အဆိုပြုထားသော်လည်း အတိုက်အခံများ ထိန်းချုပ်ထားသည့် လွှတ်တော်က ဒီဇင်ဘာလအစမှ စတင်၍ ၁၀ ကြိမ်တိုင် ပယ်ချခဲ့သည်။

ဖေဖော်ဝါရီ ၁၂ ရက်တွင် အမေရိကန် လွှတ်တော်အမတ် အများအပြားက ထိုင်ဝမ်အတိုက်အခံပါတီများအနေဖြင့် အဆိုပါ ဘတ်ဂျက်ကို တားဆီးနေခြင်း ရပ်တန့်ရန် တိုက်တွန်းခဲ့ကြသည်။

သမ္မတ လိုင်ချင်းတယ်ကမူ ၎င်း၏ စစ်ရေးအသုံးစရိတ် ဘတ်ဂျက်သည် နောက်ဆုံးတွင် အတည်ပြုချက် ရရှိမည်ဟု ယုံကြည်ကြောင်း AFP သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ကိုးကား — The Straits Times

#ထိုင်ဝမ်အရေး

#အမေရိကန်တရုတ်ဆက်ဆံရေး

#ဒေါ်နယ်ထရမ့်ပ်

#ရှီကျင့်ဖျင်

#စစ်လက်နက်ပေးပို့ရေး

#PSM_News

By Htet Ko