PSM(News)

ဇူလိုင် ၁၇၊ ၂၀၂၆

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းတွင် အာဏာလုစစ်အုပ်စုက အလုံး အရင်းဖြင့် စစ်ကြောင်း ထိုးလာသဖြင့် ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ အမြောက်အမြား သေဆုံးသည့်အပြင် လက်နက်ခဲယမ်း များနှင့်တကွ အရှင်ဖမ်းဆီးရမိသူများ ရှိနေကြောင်း KNU/KNLA ဦးဆောင်သော ကျားသစ်နက် စစ်ကြောင်း ၊ ဗျူဟာအမှတ် – ၃၂ က ယနေ့ ဇူလိုင် ၁၇ ရက်နေ့တွင် ထုတ်ပြန်သည်။

လတ်တလောတွင် မြဝတီမြို့တောင်ဘက်ခြမ်းရှိ ဖလူးနှင့် မင်းလက်ပံဒေသများသို့ အာဏာလုစစ်တပ်က သာလွန်အင်အားများအပြင် လေကြောင်းတိုက်ခိုက်မှု၊ ကာမီကာဇေ (အသေခံ) ဒရုန်းများ၊ လက်နက်ကြီး များ အလွန်အကျွံအသုံးပြု၍ စစ်ကြောင်းထိုး တိုက်ခိုက်လျက်ရှိရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။

အဆိုပါ စစ်ဆင်ရေးကို အာဏာလုစစ်တပ်၏ တပ်မ (၂၂) တပ်မမှူး ကိုယ်တိုင်ဦးစီးကွပ်ကဲနေပြီး စကခ-၁၃ လက်အောက်ခံတပ်များနှင့်အတူ ရဲတပ်ရင်းများကိုပါ စစ်ကူခေါ်ယူကာ အင်အား ၂,၀၀၀ ခန့်ဖြင့် ဇူလိုင် ၇ ရက်နေ့ကတည်းက တကျော့ပြန်ထိုးစစ်ဆင်နေခြင်း ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ် များက ဆိုသည်။

မြဝတီတောင်ဘက် လေးကေ့ကော်မြို့သစ်အနောက်ဘက် “ရဲကုန်း” နေရာသို့ ဝင်ရောက်လာသော စကခ (၁၃) လက်အောက်ခံ ခမရ-၅၅၆ စစ်ကြောင်းကို .မန်နေ့ ဇူလိုင် ၁၆ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘော ဦးဆောင်သည့် ပူးပေါင်းတပ်များက ဝိုင်းဝန်း ပိတ်ဆို့ ချေမှုန်းခဲ့သည်။

တော်လှန်ရေးတပ်များက ဆုတ်ခွာပေးလိုက်သော ရဲကုန်းနေရာသို့ အလုံးအရင်းဖြင့် ဝင်ရောက်သော စစ်တပ်ကို ထောင်ချောက်ဆင် တိုက်ခိုက်ခဲ့ရာ ခမရ-၅၅၆ ဒု-တပ်ရင်းမှူး အပါအဝင် စစ်ကြောင်းတစ်ခု လုံးနီးပါး သေဆုံးခဲ့ပြီး စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ဗိုလ်မုတ်သုန်အဖွဲ့နှင့် DKBA ဗိုလ်ဘိခွဲထွက်အဖွဲ့မှ တပ်ဖွဲ့ဝင်အချို့လည်း သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်တပ်က အဓမ္မစုဆောင်းကာ ရှေ့တန်းပို့ထားသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း တပ်သား သစ်လေးဦးကိုလည်း လက်နက်ခဲယမ်း အမြောက်အမြားနှင့်အတူ စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီး ရမိခဲ့သည်။

အာဏာလုစစ်တပ်သည် ယခုတိုက်ပွဲများအတွင်း အရပ်သားပြည်သူများကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်း ထားသူများနှင့် မတရားဖမ်းဆီး ပေါ်တာဆွဲခံရသူများကို ဒိုင်းသဖွယ် အသုံးချနေကြောင်း ကျားသစ်နက်စစ်ကြောင်းက အသိပေးထားသည်။

လက်ရှိတွင် ရန်သူ့ထိုးစစ် အားပျော့သွားစေရေးအတွက် နေ့စဉ် အပြင်းအထန် တန်ပြန်တိုက်ခိုက် လျက်ရှိပြီး တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများအနေဖြင့် တိုက်ပွဲမြေပြင်နှင့် ပတ်သက်သည့် သတင်းအမှားများကို အလျင်စလို ဖြန့်ဝေခြင်းမပြုကြရန်နှင့် ကျားသစ်နက်စစ်ကြောင်းက မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ကျားသစ်နက်စစ်ကြောင်း

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed