မောင်မောင်ကဲ/PSM(News)

ဇူလိုင် ၁၇ ၊ ၂၀၂၆

အာဏာလုသမ္မတ မင်းအောင်လှိုင်က “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဟု ပြောဆိုခဲ့သော်လည်း မြေပြင်တွင်မူ ၎င်းတို့၏ အာဏာလုစစ်အုပ်စုက လေကြောင်းမှ အရပ်သား ပြည်သူများကို ပစ်မှတ်ထား ဗုံးကြဲသတ်ဖြတ်မှုကြောင့် သုံးလတာအတွင်း အရပ်သားပြည်သူ ၃၀၀ ကျော် သေဆုံးခဲ့ရကြောင်း မြေပြင်အချက် အလက်များအရ သိရသည်။

အာဏာလု သမ္မတ မင်းအောင်လှိုင်သည် ယမန်နေ့ ဇူလိုင် ၁၆ ရက် နံနက်ပိုင်းက နေပြည်တော်၌ ပြုလုပ်သည့် “သူနာပြုသိပ္ပံ (နေပြည်တော်) နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိ သူနာပြုသိပ္ပံများ ဖွင့်ပွဲအခမ်းအနား” တွင် “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဟူသည့် ခံယူချက်ဖြင့် မိမိတို့ တာဝန်ယူစဉ်ကာလတစ်လျှောက်လုံး ကျန်းမာရေးကဏ္ဍ အဆင့်မြှင့်တင်မှုကို ဆောင်ရွက်ပေးနေ ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အာဏာလု သမ္မတ မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခဲ့လည်း မြန်မာအင်တာနက်ပရောဂျက် (MIP) ၏ ၂၀၂၆ ခုနှစ် ဇူလိုင်လထုတ် နောက်ဆုံးရ ဒေတာအချက်အလက်များအရ စစ်အုပ်စုသည် ပြီးခဲ့သည့် ဧပြီ မှ ဇွန်အထိ သုံးလတာ အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လေကြောင်းတိုက်ခိုက်မှုပေါင်း ၅၂၀ ကြိမ် ပြုလုပ်၍ ဗုံးကြဲမှုများကြောင့် အရပ်သားပြည်သူ အနည်းဆုံး ၃၁၄ ဦး သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

သေဆုံးသူများထဲတွင် အမျိုးသမီး ၅၈ ဦး၊ ကလေးသူငယ် ၄၁ ဦးနှင့် သက်ကြီးရွယ်အို ၁၅ ဦးတို့ ပါဝင်ပြီး အာဏာလုစစ်အုပ်စု၏ ဗုံးကြဲမှုများကြောင့် ဆေးရုံ/ဆေးခန်း ၇ ခု၊ စာသင်ကျောင်း ၁၇ ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၂၂ ခုနှင့် စစ်ဘေးရှောင်စခန်း ငါး ခုတို့ပါ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ထို့ပြင် အာဏာလုသမ္မတက ကျန်းမာရေးဝန်ထမ်းများကို အလေးထား ဂုဏ်ပြုချီးမြှင့်နေသည်ဟု ထည့်သွင်းပြောဆိုခဲ့သော်လည်း ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့ဖြစ်သော Insecurity Insight ၏ ဒေတာမှတ်တမ်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းချိန်မှ ၂၀၂၆ ခုနှစ် မေလ ၁၂ ရက်နေ့အထိ ကာလအတွင်း မြန်မာနိုင်ငံ၌ ဆရာဝန်နှင့် သူနာပြုအပါအဝင် ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၉၃၀ ဦးကို မတရားဖမ်းဆီးချုပ်နှောင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ကျန်းမာရေးဝန်ထမ်း ၁၇၃ ဦးထက်မနည်းသည်လည်း အာဏာ လုစစ်အုပ်စု၏ သတ်ဖြတ်ခြင်းနှင့် လေကြောင်းဗုံးကြဲခံရခြင်းတို့ကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။

ဓာတ်ပုံ-စစ်အုပ်စုမီဒီယာ

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed