PSM(News)

ဇူလိုင် ၁၇၊ ၂၀၂၆

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင် (ပဲခူးတိုင်းအရှေ့ဘက်ခြမ်း၊ ညောင်လေးပင်ခရိုင်)၊ မူးမြို့နယ် (မုန်းမြို့နယ်) အတွင်းသို့ အာဏာလု စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသမီး နှစ် ဦး သေဆုံးပြီး ဈေးဆိုင် နှစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ယမန်နေ့ ဇူလိုင် ၁၆ ရက်နေ့တွင် ထုတ်ပြန်သည်။

အာဏာလုစစ်တပ်သည် ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က Y-12 လေယာဉ်ဖြင့် မုန်း (မူး) မြို့နယ်အတွင်းရှိ ဟီအူးကျေးရွာ၊ ရှဲဒေးကျေးရွာနှင့် မီးရထားကျေးရွာများပေါ်သို့ ဗုံးသီးအလုံး ၂၀ ထက်မနည်း ရည်ရွယ်ချက်ရှိရှိ ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးရထားကျေးရွာအတွင်း ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အတွင်းရှိနေသည့် ဒေသခံအမျိုးသမီးများဖြစ်ကြသော နော်ဘွေဖော အသက် (၅၇) နှစ် နှင့် နော်လေးဝါး အသက် (၅၆) နှစ် တို့ ဗုံးစထိမှန်ကာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ရသည်။ ထို့ပြင် ဒေသခံများဖြစ်သည့် စောဆဲမူနှင့် စောလားမူတို့၏ ဈေးဆိုင် နှစ်လုံးလည်း ဗုံးထိမှန်၍ ပျက်စီးခဲ့သည်။

အာဏာလု စစ်အုပ်စု ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်သည့် နေရာများသည် တိုက်ပွဲဖြစ်ပွားခြင်း သို့မဟုတ် စစ်ရေးလှုပ်ရှားမှုများ လုံးဝမရှိသည့် အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်ရာ ကျေးရွာများဖြစ်ပြီး စစ်တပ်သည် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ တမင်သက်သက် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် အာဏာလုစစ်အုပ်စုသည် စစ်ရေးအရ အဘက်ဘက်က ရှုံးနိမ့်နေမှုကို ဖုံးကွယ်ရန် အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိရာ ဒေသခံပြည်သူများသည် နေ့စဉ် အသက်အန္တရာယ် စိုးရိမ်ထိတ်လန့်မှုများအောက်တွင် ဖြတ်သန်းနေရပြီး နယ်မြေအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများလည်း ပိုမိုဆိုးရွားလာနေကြောင်း သိရသည်။

ဓာတ်ပုံ – KNU

ပုံစာ – အာဏာလုစစ်တပ်က မုန်း နယ်အတွင်း လေကြောင်းတိုက်ခိုက်ပြီးနောက်တွေ့ရစဉ်။

By Htet Ko