PSM(News)

ဇူလိုင် ၁၇၊ ၂၀၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နှင့် မန္တလေးတိုင်း စဉ့်ကူးမြို့အနီးတို့ကို ဗဟိုပြု၍ ယနေ့ ဇူလိုင် ၁၇ ရက် မနက်ပိုင်းတွင် ရစ်ခ်တာစကေး ၅.၂ နှင့် ၄.၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်များ ဆက်တိုက်လှုပ်ခတ်သွားရာ မန္တလေး၊ ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်ရှိ မြို့အများအပြားတွင် ငလျင်ဒဏ်ကို သိသိသာသာ ခံစားခဲ့ကြရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက် ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်၊ နောင်ချိုမြို့အနီး မြေအောက်အနက် ၁၄ ကီလိုမီတာခန့်ကို ဗဟိုပြု၍ ယနေ့ ဇူလိုင် ၁၇ ရက် နံနက် ၇ နာရီ ၅၆ မိနစ်ခန့်က ရစ်ခ်တာစကေး ၅.၂ အဆင့်ရှိ အင်အားအတော်အသင့်ရှိသော မြေငလျင် တစ်ခု ဦးစွာ လှုပ်ခတ်ခဲ့သည်။

ထို့နောက် မိနစ်ပိုင်းအကြာ နံနက် ၈ နာရီ ၁၂ မိနစ်ခန့်တွင် မန္တလေးတိုင်း၊ စဉ့်ကူးမြို့အနီး မြေအောက် အနက် ၁၀ ကီလိုမီတာခန့်ကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော နောက်ဆက်တွဲ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုများကို ငလျင်ဗဟိုချက်နှင့် နီးစပ်သည့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ စစ်ကိုင်းမြို့၊ သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာ၊ မိုးကုတ်၊ ကျောက်ဆည်မြို့များအပြင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး မြို့အထိ ပြည်သူများက သိသိသာသာ ခံစားခဲ့ကြရသည်။

“မန်း ပြည်ကြီးတံခွန်ဘက်မှာတော့ ငလျင်လှုပ်လို့ ခါသွားတာကို သိသိသာသာကြီး ခံစားရတယ်” ဟု မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှ ဒေသခံတစ်ဦးက PSM ကိုပြောသည်။

ထို့အတူ မန္တလေး အောင်မြေသာစံ နှင့် ပြင်ဦးလွင်အနီးစခန်းတစ်ဝိုက်တွင်လည်း ငလျင်လှုပ်ခတ်မှုကို သိသာစွာ ခံစားခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

ယခု ငလျင်ဗဟိုပြုခဲ့သည့် နောင်ချိုမြို့နှင့် နောက်ဆက်တွဲငလျင်လှုပ်ခတ်ခဲ့သည့် စဉ့်ကူးမြို့ အနီးဝန်းကျင်ဒေသများသည် မြန်မာနိုင်ငံ၏ အရေးအကြီးဆုံး စစ်ကိုင်းပြတ်ရွေ့ကြောမကြီး တစ်လျှောက် တည့်တည့်ပေါ်တွင် တည်ရှိနေသည့် ဒေသများ ဖြစ်သည်။

NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ငလျင် အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရန်အတွက် ပြည်သူများအနေဖြင့် ဆောင်ရန်၊ ရှောင်ရန်နှင့် သတိပြုရန်အချက်များနှင့်အညီ ဂရုတစိုက် နေထိုင်ကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed