PSM(News) ဇူလိုင် ၁၇၊၂၀၂၆ တက္ကဆက်ပြည်နယ်တွင် ရက်ပေါင်းများစွာ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုများ ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့ပြီး ကြာသပတေးနေ့ နံနက်အစောပိုင်းတွင် ရေလွှမ်းမိုးမှုများအတွင်း ပိတ်မိနေသူ ဒါဇင်နှင့်ချီ၍ ကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ခဲ့ရသည်။ ယခုရေဘေးသည် ပြီးခဲ့သည့်နှစ်က အလွန်အမင်း ရေကြီးမှုဒဏ်ကို ခံခဲ့ရသော ဒေသများတွင် ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။ ဆန်အန်တိုနီယို ရှိ အမျိုးသားမိုးလေဝသဌာနက ပြီးခဲ့သည့်နှစ် နွေရာသီက ကလေးငယ်များနှင့် ကြီးကြပ်သူများ သေဆုံးခဲ့ရသော Camp Mystic ဖြစ်ပွားရာ မြစ်ကြောင်းတစ်လျှောက်တွင် “ကြီးမားပြီး အန္တရာယ်ရှိသော ရေလှိုင်းကြီးများ” ရောက်ရှိလာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။ မိုးလေဝသပညာရှင်များက မြစ်ရေများ တစ်နာရီထက်တစ်နာရီ မြင့်တက်လာပြီး အရှိန်အဟုန်ပြင်းသော ရေစီးကြောင်းများ ဖြစ်လာနေသဖြင့် “ချက်ချင်း အမြင့်ပိုင်းသို့ ရွှေ့ပြောင်းကြပါ” ဟု အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားသည်။ လက်ရှိအချိန်အထိ သေဆုံးသူ သို့မဟုတ် ဒဏ်ရာရသူများရှိကြောင်း တရားဝင် သတင်းရရှိခြင်း မရှိသေးသော်လည်း တော်နေဒိုးမုန်တိုင်း သတိပေးချက်များလည်း ထုတ်ပြန်ထားသည်။ ယူဗောလ်ဒီမြို့တွင် ရေလွှမ်းမိုးမှုများကြောင့် မြို့ပြင်သို့ ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်သွားခဲ့သည်။ ယူဗောလ်ဒီ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဂျူလီ အယ်လ်ဗာရာဒို က “မြို့ထဲကို ဝင်လို့မရတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။ ညလုံးပေါက် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်” ဟု ပြောကြားသည်။ ရေကြီးမှုဒဏ်ကို ခံနေရသည့် အင်ဂရမ် မြို့တော်ဝန် ကလော့ဒ် ဂျော်ဒန်က “ပြီးခဲ့တဲ့နှစ် ဇူလိုင် ၄ ရက် ရေဘေးကနေ ပြန်လည်ထူထောင်နေရတဲ့ စီးပွားရေးလုပ်ငန်းတွေ အများကြီးရှိပါသေးတယ်။ အခုလို ထပ်ဖြစ်တာက အခြေအနေကို ပိုဆိုးသွားစေပါတယ်” ဟု ပြောကြားသည်။ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက် အက်ဘော့သည် ခရိုင်များစွာအတွက် သဘာဝဘေးအန္တရာယ် ကျရောက်ကြောင်း ကြေညာထားသည်။ ဇူလိုင် ၁၅ ရက် ညပိုင်းအထိ အမျိုးသားမိုးလေဝသဌာန၏ ရေကြီးမှုသတိပေးချက်တွင် လူဦးရေ ၆ သန်းခန့် ရှိနေသည့် ခရိုင် ၅၇ ခု ပါဝင်နေသည်။ ကိုးကား-AP Post navigation လီယွန်နယ် မက်ဆီ နှင့် လာမင်း ယာမားလ် တို့၏ ထူးခြားဆန်းကြယ်သော ပထမဆုံးတွေ့ဆုံမှု ထိုင်းနိုင်ငံတွင် ကျောင်းကားတိမ်းမှောက်မှုဖြစ်ပွား၊ ကျောင်းသားနှင့် ဆရာ ၅၇ ဦး ဒဏ်ရာရ