PSM(NEWS)

မေ ၁၇ ၊၂၀၂၆

အမေရိကန်အခြေစိုက် ကမ္ဘာ့ထိပ်တန်း ကွန်ပျူတာဉာဏ်ရည်တု (AI) နည်းပညာကုမ္ပဏီဖြစ်သည့် OpenAIသည်မော်လတာနိုင်ငံသားအားလုံးကို ၎င်းတို့၏ ChatGPT Plus ဝန်ဆောင်မှုကို တစ်နှစ်ကြာအခမဲ့အသုံးပြုခွင့်ပေးမည့် သဘောတူညီချက်တစ်ရပ်ကို မော်လတာအစိုးရနှင့် စနေနေ့တွင် လက်မှတ်ရေးထိုးလိုက်သည်။

သို့သော် နိုင်ငံသားများသည် ယင်းဝန်ဆောင်မှုကို မသုံးစွဲမီ AI နည်းပညာအသုံးပြုပုံနှင့်ပတ်သက်သည့်သင်တန်းတစ်ခုကိုဦးစွာတက်ရောက်ရမည် ဖြစ်သည်။

အဆိုပါအစီအစဉ်ကိုမေလအတွင်း စတင်မည်ဖြစ်ပြီးအခမဲ့ဖွင့်လှစ်မည့်၎င်းသင်တန်းကိုမော်လတာနိုင်ငံသားများပိုမိုတက်ရောက်အောင်မြင်လာသည်နှင့်အမျှအသုံးပြုနိုင်မည့်လူဦးရေပမာဏကိုတိုးမြှင့်ပေးသွားမည်ဖြစ်သည်။ ယင်းအပြင် ပြည်ပတွင် နေထိုင်ကြသော မော်လတာနိုင်ငံသားများလည်း ဤအစီအစဉ်တွင်ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။

“ကျွန်တော်တို့ဟာပြည်သူတွေအတွက် စိမ်းနေသေးတဲ့ နည်းပညာ အယူအဆသစ်တစ်ခုကိုမိသားစုတွေ၊ကျောင်းသားတွေနဲ့လုပ်ငန်းခွင်က အလုပ်သမားတွေအတွက် လက်တွေ့ကျကျအထောက်အကူပြုမယ့်အရာအဖြစ်ပြောင်းလဲပေးနေတာဖြစ်ပါတယ်”ဟုမော်လတာစီးပွားရေးဝန်ကြီး ဆေးလ်ဗီယို ရှမ်ဘရီ၏ ပြောကြားချက်ကို ကိုးကား၍OpenAI၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မော်လတာနိုင်ငံသည်ပြည်သူလူထုတစ်ရပ်လုံးအတွက်ယခုကဲ့သို့သောAIအစီအစဉ်မျိုးကိုကမ္ဘာပေါ်တွင်ပထမဆုံးစတင်လုပ်ဆောင်သည့် နိုင်ငံဖြစ်သည်။ သို့သော် ဤသဘောတူညီချက်နှင့်ပတ်သက်သည့်ဘဏ္ဍာရေးဆိုင်ရာအသေးစိတ်အချက်အလက်များကိုမူ နှစ်ဦးနှစ်ဖက်စလုံးကထုတ်ဖော်ပြောကြားခြင်း မရှိသေးကြောင်းသိသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *