PSM(NEWS) မတ် ၁၇၊ ၂၀၂၆ အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ် မိုဂျ်တာဘာ ခါမေနီ သည် ၎င်း၏ဖခင်ဖြစ်သူ ကွယ်လွန်သွားသည့် အာယာတိုလာ အလီ ခါမေနီ ၏နေရာကို ဆက်ခံပြီးနောက်ပိုင်း လူမြင်ကွင်းတွင်ဖြစ်စေ၊ ဗီဒီယိုမှတစ်ဆင့်ဖြစ်စေ တစ်ကြိမ်တစ်ခါမျှ ပေါ်လာခြင်းမရှိသေးသည်မှာ အီရန်အစိုးရအတွက် အရှက်ရစရာ ဖြစ်လာနေပြီဟုအစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန် ဆာ က ပြောကြားလိုက်သည်။ ဆာသည် “The Faulkner Focus” အစီအစဉ်တွင် ပါဝင်ဆွေးနွေးစဉ် အီရန်ခေါင်းဆောင်သစ်၏ တည်နေရာနှင့် ပတ်သက်၍ “ဖြေရှင်းရမည့် မေးခွန်းတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်” ဟု မှတ်ချက်ပြုခဲ့သည်။ “သင် ပုန်းကွယ်နေနိုင်ပေမဲ့ လူမြင်ကွင်းကို ထွက်ပြေးတာက ပိုကောင်းပါတယ်။ သင် အသက်ရှင်လျက်ရှိကြောင်း ဗီဒီယိုတစ်ခုနဲ့ သက်သေပြနိုင်ပါတယ်။ ဒါဟာ အီရန်အစိုးရအတွက် အရှက်ရစရာ ဖြစ်လာနေပါပြီ” ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သည်။ သတင်းများအရ မိုဂျ်တာဘာ ခါမေနီသည် စစ်ပွဲစတင်ချိန်က ပြုလုပ်ခဲ့သော လေကြောင်းတိုက်ခိုက်မှုတွင် ၎င်း၏ဖခင်ဖြစ်သူ သေဆုံးခဲ့သည့် တိုက်ခိုက်မှု၌ပင် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ သမ္မတ ဒေါ်နယ်ထရမ့် က စနေနေ့ညတွင် NBC သတင်းဌာနသို့ ပြောကြားရာ၌ ခေါင်းဆောင်သစ်သည် သေဆုံးသွားပြီဟု ကြားသိရကြောင်း ပြောဆိုခဲ့သည်။ အစ္စရေး အဆင့်မြင့် အရာရှိတစ်ဦးက တနင်္ဂနွေနေ့တွင် Fox News သို့ ပြောကြားရာ၌ ခေါင်းဆောင်သစ်သည် “လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်သည့် အခြေအနေတွင် မရှိဘဲ” ဒဏ်ရာရရှိထားကြောင်း ဆိုသည်။ သို့သော် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီ ကမူ စနေ၊ တနင်္ဂနွေနေ့များက ပြုလုပ်ခဲ့သည့် အင်တာဗျူးများတွင် ၎င်းတို့၏ ခေါင်းဆောင်သစ်သည် ကျန်းမာရေးကောင်းမွန်ကြောင်း ငြင်းဆိုပြောကြားခဲ့သည်။ “ခေါင်းဆောင်သစ်နဲ့ ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာ မရှိပါဘူး။ သူဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူ့ရဲ့ တာဝန်တွေကို ထမ်းဆောင်နေပြီး ဆက်လက်ပြီးတော့လည်း ထမ်းဆောင်သွားမှာပါ” ဟု အဘတ်စ်က MS Now သို့ ပြောကြားခဲ့သည်။ ကိုးကား Fox News #အီရန် #မိုဂျ်တာဘာ_ခါမေနီ #အရှက်ရစရာ #လူမြင်ကွင်း #အစ္စရေးနိုင်ငံခြားရေးဝန်ကြီး #PSM_News Post navigation ပါကစ္စတန် ကကန်ဒဟားရှိ တာလီဘန်စခန်းများနှင့် “အကြမ်းဖက်သမားများ ခိုအောင်းရာနေရာများ”ကို ညတွင်းချင်းတိုက်ခိုက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ – ဟော်မတ်ဇ်ရေလက်ကြားအား ပြန်လည်ဖွင့်လှစ်ရေးအတွက် မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်နေ