PSM(NEWS)

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်၏ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်း ခံရသူ တပ်သားသစ် ကိုးဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ကရင်အမျိုးသားအစည်းအရုံး (KNU) ထံသို့ အလင်းဝင်ရောက်လာကြောင်း KNU ဗဟိုက ယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက်တွင် ထုတ်ပြန်သည်။

အလင်းဝင်လာသူများမှာ ခလရ-၄၃၉ တပ်ရင်းမှ ကျော်ဇေယျ ၂၃ နှစ် ၊ သက်ပိုင်စိုး ၄၁ နှစ်၊ စောကာဘီ ၂၉ နှစ်၊ မင်းထက် ၂၃ နှစ်၊ အောင်စိုးဝင်း ၃၅ နှစ်၊ ခလရ -၅၉၈ တပ်ရင်းမှ ကိုမျိုး ၂၉ နှစ်၊ ခလရ -၆၀ တပ်ရင်းမှ ဝင်းမြထူး ၃၀ နှစ်၊ ခလရ-၃၅၁ တပ်ရင်းမှ အာကာကျော်ဝင်း ၂၃ နှစ် နှင့် ခမရ ၅၃ တပ်ရင်းမှ အောင်မင်းစိုး ၄၀ နှစ် တို့ ဖြစ်ကြသည်။

စစ်ကော်မရှင်တပ်မှ အဆိုပါ တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် KNU တပ်မဟာ (၃) လက်အောက်ခံ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း (၃) ထံသို့ ဆက်သွယ်ကာ လက်နက်ချ အလင်းဝင်လာခဲ့ခြင်း ဖြစ်သည်။

ထိုသို့ အလင်းဝင်ရောက်လာသည့် တပ်သားများသည် မိမိတို့ဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းရန် စေခိုင်းခြင်းခံရသူများဖြစ်ပြီး လက်ရှိတွင် ၎င်းတို့အား KNU မှ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက် ထားကြောင်း သိရသည်။

စစ်ကော်မရှင်တပ်အတွင်းရှိ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူများအနေဖြင့် မိတို့နှင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ အမြန်ဆုံး ဆက်သွယ်ကာ အလင်းဝင်ရောက်ကြရန်လည်း KNU က တိုက်တွန်းနှိုးဆော်ထားသည်။

ဓာတ်ပုံ-KNU

#KNU

#လက်နက်ချ

#တပ်သားသစ်

#စစ်မှုထမ်း

#ကျောက်ကြီး

#KNDO

#PSM_News

By Htet Ko