PSM (News)

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းများနှင့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်နေစဉ်အတွင်း ဗျူဟာကျသော သံလွင်မြစ်ကူးတံတား (ဖားဆောင်းတံတား) မိုင်းခွဲခံရသဖြင့် ကျိုးကျပျက်စီးသွားကြောင်း သိရသည်။

ဖားဆောင်း-မယ်စဲ့ လမ်းမကြီးပေါ်ရှိ အဆိုပါတံတားကို ယနေ့ ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် မိုင်းခွဲခံခဲ့ရခြင်းဖြစ်ပြီး စစ်ကော်မရှင်ဘက်ကမူ ၎င်းတို့၏ စစ်ကြောင်းများ ရှေ့ဆက်မတိုးနိုင်ရန် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

အရှည် ၁၂၆၀ ပေရှိ သံကူကွန်ကရစ်အမျိုးအစား သံလွင်တံတား (ဖားဆောင်း) သည် မိုင်းခွဲခံရမှုကြောင့် အနောက်ဘက်ကမ်းကပ်ခုံမှ အရှည် ၂၅၀ ပေခန့် ပြိုကျပျက်စီးသွားခဲ့ပြီး လက်ရှိတွင် ယာဉ်များ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ရေးအခြေအနေအရ ဖားဆောင်းမြို့ သံလွင်မြစ်ကူးတံတားမှ ဖြတ်သန်း သွားလာခွင့်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ကတည်းက ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

ဘောလခဲဘက်မှ ထွက်ခွာလာသည့် စစ်ကော်မရှင်စစ်ကြောင်းများသည် ဖားဆောင်းမြို့သို့ ရောက်ရှိ လာပြီးနောက် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်လာပြီးနောက် တံတားမိုင်းခွဲခံရခြင်း ဖြစ်သည်။

လက်ရှိတွင် ဖားဆောင်းဒေသကို ကာကွယ်ရန်အတွက် ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက် ရေးတပ်ဦး (ကလလတ) နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ပွဲဝင်လျက်ရှိပြီး စစ်ကော်မရှင် ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကော်မရှင်

#ဖားဆောင်း

#သံလွင်တံတား

#တံတားကျိုး

#ကရင်နီ

#စစ်ကော်မရှင်

#PSM_News

By Htet Ko