PSM (News)

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း ဗိုလ်နဂါးနှင့် အဖွဲ့အား ဖမ်းဆီးရန် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်ရင်းများက စစ်ကြောင်းထိုးစဉ် BNRA တပ်ဖွဲ့ဝင်များက စတင်ပစ်ခတ်သဖြင့် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

ဗိုလ်နဂါးဦးဆောင်သည့် ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) တပ်ဖွဲ့ဝင်များရှိရာ ယင်းမာပင်ခရိုင်၊ ပုလဲဒေသအတွင်းရှိ နေရာ သုံးခုထက် မနည်းတွင် ယနေ့ ဖေဖော် ဝါရီ ၁၇ ရက် နံနက် ၇ နာရီခန့်မှစတင်၍ နှစ်ဖက် ထိတွေ့တိုက်ပွဲများ စတင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

“NUG စစ်ကြောင်းက ပုလဲရဲ့ နေရာ သုံးနေရာကနေ ဝင်လာပြီး တိုက်ပွဲ ဖြစ်နေတာပါ။ အဓိကကတော့ ဗိုလ်နဂါးကိုဖမ်းဆီးအရေးယူဖို့ ဝင်လာတဲ့သဘောပါပဲ ” ဟု စစ်ရေးသတင်းရင်းမြစ်က PSM ကို ပြောသည်။

ထိုသို့ မြေပြင်တွင် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကော်မရှင်က လေကြောင်းမှ လာရောက်၍ ဗုံးကြဲ တိုက်ခိုက်မှုများရှိကြောင်း သိရသည်။

“သူတို့အချင်းချင်း တိုက်နေတုန်း စစ်တပ် လေကြောင်းကနေ ချက်ချင်းရောက်လာတာတော့ မေးခွန်း ထုတ်စရာပဲ” ဟု ယင်းမာပင်ရှိ ဒေသခံက ဆိုသည်။

ဗိုလ်နဂါး (ခ) ကိုထင်လင်းကမူ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် NUG ၏ MOD တပ်ရင်း များက လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်နေ၍ ပြည်သူများ ဘေးလွတ်ရာရှောင်ရန် ရေးသား ထားပြီး ယခုစစ်ဆင်ရေးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဦးဆောင်နေခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

ဗိုလ်နဂါးကို ဖမ်းဆီးနိုင်ရေးအတွက် NUG ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး BNRA အဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်က ယင်းမာပင်ခရိုင် အမှတ် (၄) တပ်ရင်းမှ ရဲဘော်ကတုံးကို ပစ်ခတ် သတ်ဖြတ်ခဲ့သည့်အပြင် အခြားသော ရာဇဝတ်မှု များရှိကြောင်း သိရသည်။

#ယင်းမာပင်

#NUG

#တပ်ရင်းများ

#ဗိုလ်နဂါး

#လေကြောင်းတိုက်ခိုက်

#pam_news

By Htet Ko