PSM(NEWS) ဖေဖော်ဝါရီ ၁၇၊၂၀၂၆ ဗြိတိန်အစိုးရအနေဖြင့် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရေးလုပ်ငန်းစဉ်ကို “ပိုမိုမြန်ဆန်စွာ” ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ကီယာ စတာမာ က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ နိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၃ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် အသုံးပြုမည့် အစီအစဉ်အား သတ်မှတ်ရက်ထက် ရှေ့ပြေးလုပ်ဆောင်ရန် အစိုးရက စဉ်းစားနေသည်ဆိုသည့် မီဒီယာများ၏ ဖော်ပြချက်နှင့် ပတ်သက်၍ မေးမြန်းမှုကို ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော်တို့အနေနဲ့ အရှိန်မြှင့်ဖို့ လိုအပ်ပါတယ်။ ကာကွယ်ရေးအသုံးစရိတ်နဲ့ ပတ်သက်ပြီး ပိုမိုမြန်ဆန်တဲ့ လုပ်ဆောင်မှုတွေ လိုအပ်ပါတယ်။ ကျွန်တော်တို့ဘက်က ကတိကဝတ်ပြုထားပြီးသား ကိစ္စတွေ ရှိသလို၊ အခုကိစ္စက ဘယ်လောက်အသုံးပြုတယ် ဆိုတာထက်ကို ပိုမိုကျယ်ပြန့်ပါတယ်” ဟု ဝန်ကြီးချုပ် စတာမာ က ဆိုသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်က ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့၌ ကျင်းပခဲ့သော မြူးနစ်လုံခြုံရေးညီလာခံတွင်လည်း ဝန်ကြီးချုပ်က ဥရောပ၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို အလေးပေး ပြောကြားခဲ့ပြီး ဖြစ်သည်။ လက်ရှိတွင် ရုရှား-ယူကရိန်းစစ်ပွဲနှင့် ကမ္ဘာ့အခြေအနေများကြောင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) အဖွဲ့ဝင်နိုင်ငံများအကြား ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန် ဖိအားများ ရှိနေချိန်တွင် ဗြိတိန်ဝန်ကြီးချုပ်၏ ယခုပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ကိုးကား Reuters #ဗြိတိန်ဝန်ကြီးချုပ် #ကာကွယ်ရေးအသုံးစရိတ် #တိုးမြှင့်မှု #မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ #ကမ္ဘာ့အခြေအနေ #ရုရှား-ယူကရိန်းစစ်ပွဲ #PSM_News Post navigation တိုင်ဝမ်လွှတ်တော်က ကာကွယ်ရေးအသုံးစရိတ် ပြန်လည်သုံးသပ်မှုကို တရုတ်နှစ်သစ်ကူးအပြီးတွင် ဦးစားပေးဆောင်ရွက်မည် ရုရှား-ယူကရိန်းစစ်ပွဲတွင် ကျဆုံးခဲ့သည့် မြောက်ကိုရီးယားစစ်သည်မိသားစုများအတွက် နေအိမ်ရာသစ်တစ်ခုကို ကင်ဂျုံအွန် ဖွင့်လှစ်ပေး