PSM(NEWS)

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆

တိုင်ဝမ်လွှတ်တော်သည် တရုတ်နှစ်သစ်ကူး အားလပ်ရက်အပြီး လုပ်ငန်းများ ပြန်လည်စတင်ချိန်တွင် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံတန်ဖိုးရှိ အထူးကာကွယ်ရေးအသုံးစရိတ်ကို ဦးစားပေးသုံးသပ်သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ ကာကွယ်ရေးအသုံးစရိတ် အတည်ပြုရန် ကြန့်ကြာနေမှုအပေါ် အမေရိကန်လွှတ်တော်အမတ်များက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

တိုင်ဝမ်သမ္မတ လိုင်ချင်းတယ် က ၎င်းတို့၏နယ်မြေအဖြစ် ရှုမြင်ထားသည့် တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်အတွက် အဆိုပါ အပိုဆောင်းကာကွယ်ရေးအသုံးစရိတ်ကို ပြီးခဲ့သည့်နှစ်က အဆိုပြုခဲ့ခြင်းဖြစ်သည်။

သို့သော် လွှတ်တော်အတွင်း အများစုအနိုင်ရထားသည့် အတိုက်အခံပါတီက အဆိုပါအစီအစဉ်ကို သုံးသပ်ရန် ငြင်းဆန်ခဲ့ပြီး သမ္မတ လိုင်ချင်းတယ် လိုလားသည့် အမေရိကန်လက်နက်အချို့ကိုသာ ဝယ်ယူနိုင်မည့် ကုန်ကျစရိတ်သက်သာသော အခြားအဆိုပြုချက်တစ်ခုကို တင်သွင်းခဲ့သည်။

ပြီးခဲ့သည့်အပတ်က အမေရိကန်လွှတ်တော်အမတ် ၃၇ ဦးပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် တိုင်ဝမ်ထိပ်တန်းနိုင်ငံရေးသမားများထံ စာရေးသားပေးပို့ခဲ့ပြီး ကာကွယ်ရေးအသုံးစရိတ်အဆိုပြုချက်ကို လွှတ်တော်က ဆိုင်းငံ့ထားမှုအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

လွှတ်တော်ဥက္ကဋ္ဌ ဟန်ကော်ယု နှင့် ဒုတိယဥက္ကဋ္ဌ ဂျော်နီချန် တို့က အဆိုပါအဆိုပြုချက်နှင့် ပတ်သက်၍ ပါတီစုံညှိနှိုင်းမှုများကို လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

အထူးကာကွယ်ရေးအသုံးစရိတ်ကို လာမည့်လွှတ်တော်သက်တမ်းတွင် “ဥပဒေပြုရေးဆိုင်ရာ အဓိကဦးစားပေးလုပ်ငန်း” အဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်ဟု ၎င်းတို့က ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် တိုင်ဝမ်နှင့် တရားဝင်သံတမန်ဆက်ဆံရေး မရှိသော်လည်း နိုင်ငံတကာတွင် အဓိကကျောထောက်နောက်ခံပေးထားသည့် နိုင်ငံဖြစ်သလို လက်နက် အဓိကထောက်ပံ့ပေးနေသည့် နိုင်ငံလည်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် အစိုးရလက်ထက်တွင် မဟာမိတ်နိုင်ငံများအနေဖြင့် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန် ဖိအားပေးခဲ့ပြီး သမ္မတ လိုင်ချင်းတယ် ၏ အစိုးရကလည်း ယင်းအချက်ကို တက်ကြွစွာ လက်ခံဆောင်ရွက်နေခြင်းဖြစ်သည်။

ကိုးကား-Reuters

#တိုင်ဝမ်လွှတ်တော်

#ကာကွယ်ရေးအသုံးစရိတ်

#ပြန်လည်သုံးသပ်မှု

#တိုးမြှင့်ရန်

#တရုတ်နိုင်ငံ_ခြိမ်းခြောက်မှု

#သမ္မတ_လိုင်ချင်းတယ်

#PSM_News

By Htet Ko