PSM(NEWS)

ဖေဖော်ဝါရီ ၁၆၊၂၀၂၆

အမေရိကန် စွမ်းအင်ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့သည်နျူကလီးယား ဓါတ်ပေါင်းဖိုအ‌ေသးစားတစ်ခုကိုကာလီဖိုးနီးယားပြည်နယ်မှယူတားပြည်နယ်သို့ကုန်တင်လေယာဉ်ဖြင့်တနင်္ဂနွေနေ့ကပထမဆုံးအကြိမ်သယ်ယူပို့ဆောင်ခဲ့ကြသည်။၎င်းမှာစစ်ဘက်နှင့်အရပ်ဘက်ကဏ္ဍများတွင်နျူကလီးယားစွမ်းအင်ကိုလျင်မြန်စွာအသုံးချနိုင်သည့်အလားအလာရှိကြောင်းသရုပ်ပြသခြင်းဖြစ်သည်။

အဆိုပါဝန်ကြီးဌာနနှစ်ခုသည်ကာလီဖိုးနီးယားအခြေစိုက် Valar Atomics ကုမ္ပဏီနှင့် ပူးပေါင်းကာ ကုမ္ပဏီ၏ “Ward”အသေးစားဓါတ်ပေါင်းဖိုတစ်ခုကိုနျူကလီးယားလောင်စာ မပါရှိဘဲC17ကုန်တင်လေယာဉ်ဖြင့်ယူတားပြည်နယ်ရှိHillလေတပ်စခန်းသို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

စွမ်းအင်ဝန်ကြီးခရစ်စရိုက်နှင့်လက်နက်ခဲယမ်း ဝယ်ယူရေးနှင့်ထောက်ပံ့ရေးဆိုင်ရာကာကွယ်ရေးဒုဝန်ကြီး”မိုက်ကယ်ဒပ်ဖေးတို့ကိုယ်တိုင်အဆိုပါလေယာဉ်ပေါ်တွင်လိုက်ပါခဲ့ကြပြီး၊ယခုဖြစ်ရပ်သည်အမေရိကန်နျူကလီးယားစွမ်းအင်နှင့်စစ်ဘက်ဆိုင်ရာထောက်ပံ့ပို့ဆောင်ရေးကဏ္ဍအတွက်အောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်ကြောင်းချီးကျူးပြောဆိုခဲ့ကြသည်။

“ဒီစမ်းသပ်မှုဟာလိုအပ်တဲ့အချိန်၊လိုအပ်တဲ့နေရာမှာနျူကလီးယားစွမ်းအင်ကို အသုံးချနိုင်ဖို့ ပိုမိုနီးစပ်လာစေပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ စစ်သည်တွေ တိုက်ပွဲမှာ အနိုင်ရဖို့အတွက်လိုအပ်တဲ့လက်နက်ကိရိယာတွေကိုထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ဒပ်ဖေးကပြောကြားခဲ့သည်။

သမ္မတဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည်အမေရိကန်၏စွမ်းအင်ထုတ်လုပ်မှုကိုမြှင့်တင်ရန်အတွက် နျူကလီးယား ဓါတ်ပေါင်းဖိုအသေးစားများကိုနည်းလမ်းတစ်ခုအနေဖြင့်ရှုမြင်ထားသည်။

သမ္မတ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့် မေလက အမျိုးသားလုံခြုံရေးနှင့် ဉာဏ်ရည်တု (AI) ကဏ္ဍတွင်တိုးတက်လာသောစွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန် နျူကလီးယားကဏ္ဍ မြှင့်တင်ရေးအမှုဆောင်အမိန့် လေးရပ်ကို ထုတ်ပြန်ခဲ့သည်။

ဓါတ်ပေါင်းဖိုအသေးစားများကိုထောက်ခံသူများက ယင်းတို့ကို လောင်စာမကြာခဏ ပို့ဆောင်ပေးရန် လိုအပ်သည့်ဒီဇယ်အင်ဂျင်သုံးမီးစက်များအစားဝေးလံခေါင်ဖျားသော ဒေသများတွင် အစားထိုးအသုံးပြုနိုင်သည့်စွမ်းအင်အရင်းအမြစ်အဖြစ်တင်ပြကြသည်။

သို့သော်လည်း ဝေဖန်သူများကမူနျူကလီးယားဓါတ်ပေါင်းဖိုအသေးစားများဖြင့်ထုတ်လုပ်သည့်လျှပ်စစ်ဓာတ်အားခသည်သင့်တင့်သောဈေးနှုန်းဖြစ်မည်ကိုလုပ်ငန်းရှင်များဘက်ကသက်သေမပြနိုင်သေးကြောင်းငြင်းဆိုကြသည်။

“ဓါတ်ပေါင်းဖိုအသေးတွေဟာ ဓါတ်ပေါင်းဖို အကြီးစားတွေထက်တောင် လျှပ်စစ်ခ ပိုကြီးနိုင်သလို၊လေစွမ်းအင်ဒါမှမဟုတ်နေရောင်ခြည်စွမ်းအင်တွေနဲ့ ယှဉ်ရင်လည်းကုန်ကျစရိတ်ပိုများနေမှာပါ” ဟု Union of Concerned Scientistsမှနျူကလီးယားစွမ်းအင်ဘေးကင်းလုံခြုံရေးဆိုင်ရာညွှန်ကြားရေးမှူး အက်ဒဝင် လိုင်မန်က ဆိုသည်။

ယခုစမ်းသပ်ပို့ဆောင်လိုက်သောအငယ်စားဓါတ်ပေါင်းဖိုသည် မီနီဗင် ကားတစ်စီးထက်အနည်းငယ်သာ ပိုကြီးပြီး လျှပ်စစ်ဓာတ်အား ၅ မဂ္ဂါဝပ်အထိထုတ်လုပ်နိုင်ကာ အိမ်ခြေ ၅,၀၀၀ ခန့်ကိုမီးပေးနိုင်ကြောင်း Valar ကုမ္ပဏီ၏ CEOကပြောကြားခဲ့သည်။

အဆိုပါဓါတ်ပေါင်းဖိုကိုလာမည့်ဇူလိုင်လတွင်စတင်လည်ပတ်ရန် စီစဉ်ထားပြီး၊ ၂၀၂၈ ခုနှစ်တွင် စီးပွားဖြစ် ရောင်းချနိုင်ရန်မျှော်မှန်းထားသည်။

သို့သော်လည်းစွမ်းအင်ထုတ်လုပ်မှုသေးငယ်သော်ငြားနျူကလီးယား စွန့်ပစ်ပစ္စည်းဆိုင်ရာ ပြဿနာမှာကြီးမားဆဲဖြစ်ကြောင်းကျွမ်းကျင်သူများကသတိပေးထားသည်။ စွမ်းအင်ဝန်ကြီး ကမူ နျူကလီးယား စွန့်ပစ်ပစ္စည်းများကို အမြဲတမ်းစွန့်ပစ်ရန် သို့မဟုတ်ပြန်လည်အသုံးပြုရန်အတွက်ယူတားပြည်နယ်အပါအဝင် ပြည်နယ်အချို့နှင့် ဆွေးနွေးမှုများပြုလုပ်နေကြောင်းပြောကြားခဲ့သည်။

ကိုးကား Reuters

#နျူကလီးယား_စွန့်ပစ်ပစ္စည်း

#အမေရိကန

#ပထမဆုံးအကြိမ်

#လေကြောင်းသယ်ယူ

#သက်သေပြ

#PSM_News

By Htet Ko