မောင်မောင်ကဲ/PSM(News) ဇူလိုင် ၁၅ ၊ ၂၀၂၆ ဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့သည်မှာ ၅ နှစ်ကျော် ကြာမြင့်လာသည့်တိုင် အာဆီယံသည် ၎င်း၏ ကိုယ်ပိုင်ကတိကဝတ်များကို ကိုယ်တိုင်ပြန်လည်ချိုးဖောက်နေပြီး အဖွဲ့ဝင်နိုင်ငံအချို့သည် မြန်မာစစ်အုပ်စုက ကျူးလွန်လျက်ရှိသော နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါအဖြစ် ပါဝင် ပတ်သက် နေကြောင်း ယနေ့ ဇူလိုင် ၁၅ ရက်တွင် Justice for Myanmar (JFM) က ထုတ်ပြန်သည်။ မြန်မာစစ်အုပ်စုသည် နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ခံရမည့် ရာဇဝတ်ကောင်များ သာဖြစ်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ နေရာတစ်နေရာပေး၍ ချီးမြှောက်ခံရမည့်သူများ မဟုတ်ကြောင်း JFM က ဆိုထားသည်။ မကြာသေးမီက ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် တရားမဝင်စစ်အုပ်စု၏ “နိုင်ငံခြားရေးဝန်ကြီး” နှင့် အလွတ်သဘောတွေ့ဆုံမှုသည် နိုင်ငံတကာရာဇဝတ်မှုများကို အပြစ်ပေးအရေးယူခံရမှု လွတ်ကင်းစွာ ဖြင့် ဆက်လက်ကျူးလွန်နိုင်ရန် ရဲဆေးတင်ပေးရာ ရောက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဆီယံ၏ ဘုံသဘောထား ၅ ရပ်ကို လုံးဝမထီမဲ့မြင်ပြုကာ မြန်မာပြည်သူများအပေါ် တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး ထိုအကြမ်းဖက်မှုများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အထူးသဖြင့် ထိုင်း၊ ဗီယက်နမ်နှင့် စင်ကာပူတို့ရှိ ကုမ္ပဏီများနှင့် အစိုးရများ၏ ကြံရာပါပတ်သက်မှုဖြင့် ကျူးလွန်နိုင်ခဲ့ခြင်းဖြစ်ကြောင်း JFM က ထောက်ပြသည်။ ယင်းကြံရာပါပတ်သက်မှုများတွင် ထိုင်းနိုင်ငံ၏ တစ်စိတ်တစ်ပိုင်း အစိုးရပိုင်ကုမ္ပဏီ PTTEP သည် စစ်အုပ်စုနှင့် မိတ်ဖက်ပူးပေါင်း၍ ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းကြီးနှစ်ခုကို ကြီးကြပ်လုပ်ကိုင် နေပြီး ယင်း၏ မိခင်ကုမ္ပဏီ PTT သို့ ဓာတ်ငွေ့ရောင်းချမှုမှတစ်ဆင့် စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများကို ငွေကြေးထောက်ပံ့ပေးလျက်ရှိသည်။ ထို့ပြင် JFM ၏ စုံစမ်းဖော်ထုတ်မှုအရ မင်းအောင်လှိုင်၏ သားနှင့် ချွေးမသည် ၎င်းတို့၏ တရားမဝင်ကြွယ်ဝမှုများကို ဘန်ကောက်မြို့တွင် ဘတ် ၉၈ သန်း (အမေရိကန် ဒေါ်လာ ၃ သန်းနီးပါး) တန်ဖိုးရှိ ဇိမ်ခံအိမ်ရာတစ်ခုကို ဝယ်ယူရင်းနှီးမြှုပ်နှံထားကြောင်း တွေ့ရှိရသည်ဟု JFM က ဆိုသည်။ အလားတူ ဗီယက်နမ်အစိုးရပိုင် Viettel Global Investment သည် ဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် Mytel ဆက်သွယ်ရေးနည်းပညာကွန်ရက်တွင် မိတ်ဖက်အဖြစ် ဆက်လက်ပူးပေါင်းလုပ်ကိုင်ကာ စစ်အုပ်စု အတွက် အခွန်ဝင်ငွေနှင့် စောင့်ကြည့်ထောက်လှမ်းရေးစွမ်းရည်တို့ကို ပေးအပ်လျက်ရှိကြောင်း သိရသည်။ စင်ကာပူနိုင်ငံတွင်လည်း Dynasty Group၊ Myanmar Chemical & Machinery (MCM) Group နှင့် KT နှင့် Ky-Tha Group တို့ကဲ့သို့ နာမည်ဆိုးဖြင့်ကျော်ကြားသည့် စစ်လက်နက်ပွဲစားကွန်ရက်များနှင့် ဆက်စပ်နေသည့် ကုမ္ပဏီများသည် ယနေ့တိုင် မှတ်ပုံတင်ထားဆဲဖြစ်ပြီး မြန်မာစစ်အုပ်စု၏ နိုင်ငံတကာ ရာဇဝတ်မှုများကို အားပေးကူညီကာ အကျိုးအမြတ်များ ရှာဖွေရရှိနေဆဲဖြစ်ကြောင်း JFM က ဖော်ထုတ်ထားသည်။ ထို့ပြင် အာဆီယံသည် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM) ခေါင်းစဉ်အောက်ရှိ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများတွင် စစ်အုပ်စုကို ဆက်လက်ပါဝင်ခွင့်ပြုထားသည်။ ထို့အပြင် စစ်အုပ်စုအား ရုရှားအစိုးရနှင့်အတူ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံ ကာကွယ်ရေး လုပ်ငန်းအဖွဲ့၏ ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူခွင့်ပေးခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အာဆီယံ လေတပ်ဦးစီးချုပ်များညီလာခံ၏ ဥက္ကဋ္ဌအဖြစ်လည်း ခန့်အပ်ခဲ့သည်။ အဆိုပါလုပ်ရပ်များ သည် စစ်အုပ်စုအား စစ်ဘက်ဆက်ဆံရေးများ တိုးချဲ့အားကောင်းစေရန်၊ လက်နက်နှင့် အရင်းအမြစ်များ ရယူရန်နှင့် နိုင်ငံတကာတွင် ၎င်း၏တရားဝင်မှုကို မြှင့်တင်ရန် အခွင့်အလမ်းပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အာဏာလုစစ်အုပ်စုအား တရားဝင်မှုပေးအပ်ခြင်းကို ရပ်တန့်ရန်၊ စစ်အုပ်စု၏ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စစ်ရေးပစ္စည်း၊ နည်းပညာနှင့် လေယာဉ်ဆီရရှိမှုကို ချက်ချင်းဖြတ်တောက်ရန် Justice For Myanmar က အာဆီယံအဖွဲ့ဝင် အစိုးရများအား တောင်းဆိုထားပြီး အာဆီယံအနေဖြင့် မြန်မာပြည် သူများနှင့်အတူ ပြတ်ပြတ်သားသား ရပ်တည်ရမည်ဖြစ်ကြောင်း JFM က တိုက်တွန်းထားသည်။ ဓာတ်ပုံ-JFM Post navigation ဆောနှင့် ကျောက်ထုသို့ အာဏာလုစစ်တပ် အင်အား ၈၀၀ ခန့် ဖြည့်တင်းပြီး ချင်းတောင်ပိုင်းကို ဒုတိယအကြိမ် ထိုးစစ်ဆင်ရန် ပြင်ဆင်နေ စစ်အုပ်စုနှင့် ဆွေးနွေးခြင်းမဟုတ်ဘဲ အာဆီယံနှင့်သာ သီးသန့်တွေ့ဆုံခြင်းဖြစ်ဟု SCEF ထုတ်ပြန်၊ လေ ကြောင်း တိုက်ခိုက်မှုရပ်ဆိုင်းရေးအပါအဝင် အချက် ၅ ချက် လက်တွေ့ပြသရန် တောင်းဆို