မောင်မောင်ကဲ/PSM(News)

ဇူလိုင် ၁၆ ၊ ၂၀၂၆

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ခေါင်းဆောင်များသည် မကြာသေးမီက ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံခြင်းသည် အာဏာလု စစ်အုပ်စုကိုယ်စားလှယ်များနှင့် အတူတကွ တွေ့ဆုံခဲ့ခြင်းမဟုတ်ဘဲ အာဆီယံနှင့်သာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင် ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီပြည်၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ချင်းအမျိုး သားတပ်ဦး (CNF) တို့ ပါဝင်သည့် SCEF ကိုယ်စားလှယ်အဖွဲ့သည် အာဆီယံဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ ခြားရေးဝန်ကြီး ဌာနက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် တွေ့ဆုံမှုတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံမှုသည် စစ်အာဏာရှင်များနှင့် တရားဝင်နိုင်ငံရေးဆွေးနွေးပွဲ (သို့မဟုတ်) စေ့စပ်ညှိနှိုင်းမှု စတင်ခြင်းမဟုတ်ကြောင်းနှင့် အဓိပ္ပာယ်ပြည့်ဝသော ဆွေးနွေးမှုများဖြစ်လာရန်အတွက် စစ်အုပ်စု ဘက်က လက်တွေ့ပြသရန် တာဝန်ရှိသည်ဟု SCEF က အခိုင်အမာ တောင်းဆိုထားသည်။

စစ်အုပ်စုအနေဖြင့် အဓိပ္ပာယ်ပြည့်ဝသည့် ဆွေးနွေးမှုများ ဖြစ်ပေါ်လာရန်အတွက် အရပ်သားများနှင့် အရပ်ဘက်နေရာများကို လေကြောင်းတိုက်ခိုက်နေမှုများ ချက်ချင်းရပ်တန့်ရန်၊ ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံများနှင့် အရပ်သားပစ်မှတ်များကို တိုက်ခိုက်မှုများ ရပ်စဲရန်၊ နိုင်ငံရေး အကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးရန်၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ထိခိုက် ခံစားရသူများထံ အဟန့်အတားမရှိ သေချာစွာ ရောက်ရှိစေရန်နှင့် နိုင်ငံရေးဖြေရှင်းမှုအတွက် စစ်မှန်သောကတိကဝတ်ဖြင့် ယုံကြည်မှုတည် ဆောက်ရေး အစီအစဉ်များကို လက်တွေ့ပြသရန် လိုအပ်သည်ဟု SCEF က ဆိုသည်။

ထို့ပြင် အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ချက် သည် ထုတ်ပြန်ကြေညာရုံ သက်သက်မဟုတ်ဘဲ ခိုင် မာသော အစီအစဉ်များဖြင့် အကောင်အထည်ဖော်ရန် လိုအပ်ပြီး ထိရောက်သော အကောင်အထည် ဖော်မှုမရှိပါက မြေပြင်အရှိတရားကို ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးအာဏာသည် နေပြည်တော်တွင်သာ သီးသန့်ရှိနေသည်မဟုတ်ဘဲ ပြည်နယ်နှင့် ဒေသအခြေပြု ကိုယ်စားပြုအာဏာပိုင်များက နယ်မြေအုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ပြည်သူ့ဝန်ဆောင် မှုများကို ဖော်ဆောင်နေပြီဖြစ်သည်။ ထို့ကြောင့် ယခင်ယူဆချက်ဟောင်းများအပေါ် အခြေခံသည့် မည်သည့်နိုင်ငံရေးအစီအမံမဆို ရေရှည်ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်မည် မဟုတ်ကြောင်း SCEF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် တရားဝင် နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုများ စတင်နိုင်သည့်အဆင့်သို့ ရောက်ရှိခြင်း မရှိသေးဘဲ တော်လှန်ရေးအင်အားစုအချင်းချင်းအကြား ဘုံနိုင်ငံရေးနားလည်မှုနှင့် စုပေါင်းနိုင်ငံရေး မူဘောင် တစ်ရပ်ကို အရင်တည်ဆောက်ရန် ပြင်ဆင်ရမည့်အဆင့်သာ ရှိသေးကြောင်း SCEF က သုံးသပ်သည်။

ထို့အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်သည် ပြင်ပမှ အတင်းအလျင်စလို တွန်းအားပေးခြင်းမပြုဘဲ မြန်မာနိုင်ငံသားများကိုယ်တိုင် ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံသားများကိုယ်တိုင် ဦးဆောင်သည့် လုပ်ငန်းစဉ်သာ ဖြစ်ရမည်ဟု ထုတ်ပြန်ထားသည်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် နွေဦးတော်လှန်ရေး၏ အဓိက အင်အားကြီး မဟာမိတ်အစုအဖွဲ့များ စုပေါင်း၍ တရားဝင် ဖွဲ့စည်းခဲ့သည်။

SCEFတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) များဖြစ်သည့် K3C မဟာမိတ်များ (KIO, KNU, CNF, KNPP) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အစရှိသည့် ဒီမိုကရေစီအစုအဖွဲ့များ စုပေါင်းပါဝင်သည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed