PSM(News) ဇူလိုင် ၁၅ ၊ ၂၀၂၆ မကွေးတိုင်း၊ ဆောမြို့နယ်နှင့် ကျောက်ထုမြို့နယ်များသို့ အာဏာလုစစ်အုပ်စုက စစ်ကူအင်အား ၈၀၀ ခန့် ထပ်မံဖြည့်တင်းကာ ချင်းပြည်နယ်တောင်ပိုင်းကို ဒုတိယအကြိမ် ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ စစ်အုပ်စုသည် တပ်မ (၉၉)၊ တပ်မ (၇၇) နှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၂၊ ၁၄၊ ၁၈ တို့မှ တပ်ရင်းများကို ထုတ်နှုတ်ကာ ဆောမြို့နယ်နှင့် ကျောက်ထုမြို့များသို့ စစ်ကူများ အလုံးအရင်းဖြင့် ပို့ဆောင်နေခြင်းဖြစ်သည်။ “ပေါက်မြို့နယ်ဘက်ကနေ လာတဲ့ စစ်ကြောင်းက ကျောက်ထုမြို့ကို ရောက်နေပြီ။ အင်အား ၄၀၀ နီးပါးရှိတယ်။ နောက်ပြီး မကွေးက ထွက်လာတဲ့ စစ်ကြောင်းက ဆောမြို့နယ် လောင်းရှည် ကပစ (၂၅) ကို ရောက်နေပါပြီ၊ သူလည်း အင်အား ၄၀၀ နီးပါးရှိပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က PSM News ကို ပြောသည်။ အာဏာလုစစ်အုပ်စုသည် ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့များကို ပြန်လည်သိမ်းပိုက်ရန်အတွက် ပြီးခဲ့သည့် မေလလယ်ပိုင်းမှစ၍ ယောဒေသ ဆောမြို့နယ်နှင့် ကျောက်ထု မြို့နယ်တို့မှတစ်ဆင့် ထိုးစစ်ဆင်ခဲ့သော်လည်း ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ ခုခံတိုက်ခိုက်မှုကြောင့် အင်အားရာချီ သေဆုံးကာ တပ်လန်ဆုတ်ခွာခဲ့ရသည်။ ယခုအခါ စစ်အင်အားများ ထပ်မံဖြည့်တင်းပြီး ကျောက်ထုဘက်မှ စစ်ကြောင်းတစ်ကြောင်းဖြင့် မင်းတပ်မြို့သို့လည်းကောင်း၊ ဆောမြို့နယ်ဘက်မှ စစ်ကြောင်းတစ်ကြောင်းဖြင့် ကန်ပက်လက်မြို့ သို့လည်းကောင်း ဒုတိယအကြိမ် ထပ်မံထိုးစစ်ဆင်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်မြို့၊ ကန်ပက်လက်မြို့နှင့် မတူပီမြို့များကို ၂၀၂၄ ခုနှစ်အတွင်း၌ ချင်းညီနောင် (CB) က တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားခြင်းဖြစ်ပြီး မတူပီမြို့သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့နယ်နှင့် နယ်မြေချင်း ထိစပ်နေသည်။ ထို့ကြောင့် အာဏာလုစစ်အုပ်စုသည် ချင်းပြည်နယ်တောင်ပိုင်းတွင် နယ်မြေပြန်လည်စိုးမိုးနိုင်ရန်နှင့် အာရက္ခတပ်တော် (AA) ကို စစ်ရေးအရ ဖိအားပေးနိုင်ရန်အတွက် မင်းတပ်နှင့် ကန်ပက်လက်မြို့များကို စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။ ပုံစာ-ချင်းပြည်နယ်သို့တက်လာသည့် စစ်အုပ်စု ယာဉ်တန်းကို တွေ့ရစဉ်(ပုံဟောင်း) Post navigation အာဆီယံ၏ ပြန်လည်ထိတွေ့ဆက်ဆံမှုသည် မြန်မာပြည်သူများအတွက် အကျိုးမရှိဘဲ စစ်ကောင်စီကို အသိအမှတ်ပြုရာရောက်နိုင်ဟုAPHR သတိပေး အာဆီယံသည် ၎င်း၏ကတိကဝတ်များကို ချိုးဖောက်နေပြီး အဖွဲ့ဝင်နိုင်ငံအချို့သည် အာဏာလုစစ်အုပ်စု ၏ စစ်ရာဇဝတ်မှုများတွင် ကြံရာပါအဖြစ် ပါဝင်ပတ်သက်နေဟု JFM ပြော