PSM (News)

ဇူလိုင် ၁၆၊၂၀၂၆

ကမ္ဘာတစ်ဝန်းရှိ ကလေးငယ် ၁၃.၅ သန်းကျော်မှာ ပြီးခဲ့သည့်နှစ်အတွင်း ပုံမှန်ကာကွယ်ဆေး တစ်မျိုးမျှပင် ထိုးနှံခွင့်မရရှိခဲ့ကြောင်း ကုလသမဂ္ဂကသတိပေးလိုက်သည်။ကာကွယ်ဆေးထိုးနှံရေး ရည်မှန်းချက်များ ပြည့်မီရန် တိုးတက်နှုန်းမှာ အလွန်နှေးကွေးနေပြီး နိုင်ငံတကာ အကူအညီများ လျော့နည်းလာမှုကြောင့် ယခင်ရရှိထားသည့် အောင်မြင်မှုများပင် ပြန်လည်ယိုယွင်းလာနိုင်ကြောင်းလည်း ထောက်ပြထားသည်။

အဆိုပါ “ကာကွယ်ဆေးလုံးဝမရရှိသူ” (zero-dose) ကလေးငယ်များ၏ တစ်ဝက်ကျော်မှာ ဆာဟာရအောက်ပိုင်း အာဖရိကဒေသတွင် နေထိုင်ကြပြီး၊ နိုင်ဂျီးရီးယားနိုင်ငံမှာ ကမ္ဘာပေါ်တွင် အများဆုံးဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ယီမင်၊ အီသီယိုးပီးယားနှင့် အင်ဂိုလာနိုင်ငံတို့မှာလည်း ကာကွယ်ဆေး လွှမ်းခြုံမှုအနည်းဆုံး ဒေသ (၁၀) ခုတွင် ပါဝင်နေသည်။

ယခင်နှစ်က ကာကွယ်ဆေးမရရှိသူ ၁၄.၂ သန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၁၃.၅ သန်းသို့ လျော့ကျလာခြင်းမှာ တိုးတက်မှုတစ်ခုဖြစ်သော်လည်း၊ ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီကထက် ပိုမိုမြင့်မားနေဆဲဖြစ်သည်။ ၂၀၃၀ ပြည့်နှစ်တွင် ကာကွယ်ဆေးမထိုးရသေးသော ကလေးငယ်အရေအတွက်ကို တစ်ဝက်အထိ လျှော့ချရန် ရည်မှန်းချက်နှင့် နှိုင်းယှဉ်ပါက လေးသန်းခန့် လိုအပ်နေသေးကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ဆိုသည်။

“ဒီဆယ်စုနှစ်ကုန်မှာ ရည်မှန်းချက်တွေ ပြည့်မီဖို့အတွက် လျော့ကျလာတဲ့နှုန်းက အရမ်းနှေးကွေးနေပါတယ်။ ဒါဟာ ချီးကျူးစရာ တိုးတက်မှုဖြစ်ပေမဲ့ ကလေးငယ်တိုင်း အသက်ကယ် ကာကွယ်ဆေးတွေ ရရှိဖို့အတွက်တော့ အဝေးကြီး လိုပါသေးတယ်” ဟု UNICEF ၏ ကျန်းမာရေးဆိုင်ရာ တွဲဖက်ညွှန်ကြားရေးမှူး ဒေါက်တာ အက်ဖရမ် လီမန်ဂို က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့ပြင် ပဋိပက္ခများသည် ကာကွယ်ဆေးထိုးနှံရေးအတွက် အကြီးမားဆုံး အတားအဆီးတစ်ခုအဖြစ် ဆက်လက်တည်ရှိနေသည်။ ကမ္ဘာတစ်ဝန်းရှိ ကာကွယ်ဆေး လုံးဝမရရှိသည့် ကလေးငယ်များ၏ တစ်ဝက်ကျော်မှာ ပဋိပက္ခဖြစ်ပွားရာ ဒေသများနှင့် အားနည်းသော စနစ်များရှိရာ နိုင်ငံများတွင် နေထိုင်ကြသည်။ နှစ်ပေါင်းများစွာ စစ်ဘေးဒဏ်သင့်ခဲ့သည့် ယီမင်နိုင်ငံတွင် ဆုံဆို့၊ ကြက်ညှာနှင့် မေးခိုင်ရောဂါ ကာကွယ်ဆေး (DTP1) ထိုးနှံမှုနှုန်းမှာ ကမ္ဘာပေါ်တွင် အနည်းဆုံးဖြစ်ခဲ့သည်။

UNICEF သည် အလယ်အလတ်နှင့် ဝင်ငွေမြင့်မားသော နိုင်ငံအချို့တွင်လည်း အုပ်ချုပ်မှုဆိုင်ရာ စိန်ခေါ်မှုများ၊ နိုင်ငံရေးအရ ကတိကဝတ် လျော့နည်းလာခြင်းနှင့် ကာကွယ်ဆေးနှင့် ပတ်သက်သည့် သတင်းမှားများကြောင့် ကာကွယ်ဆေးထိုးနှံမှုနှုန်း ကျဆင်းလာမည်ကို စိုးရိမ်လျက်ရှိသည်။ အထူးသဖြင့် ဝက်သက်ရောဂါ ပြန်လည်ဖြစ်ပွားမှုအပေါ် စိုးရိမ်မှုများ မြင့်တက်လာပြီး လွန်ခဲ့သည့်ငါးနှစ်အတွင်း နိုင်ငံပေါင်း ၉၇ နိုင်ငံတွင် ဝက်သက်ရောဂါ ပျံ့နှံ့မှုများ ဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကိုးကား-The Independent

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed