PSM (News) ဇူလိုင် ၁၆၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စုက အီရန်နိုင်ငံ၏ ဆိပ်ကမ်းများနှင့် သင်္ဘောများကို ပိတ်ဆို့မှုအသစ်များ ပြန်လည်လုပ်ဆောင်ခဲ့ပြီးနောက် အီရန်နိုင်ငံက အရှေ့အလယ်ပိုင်းဒေသမှ စွမ်းအင်တင်ပို့မှုအားလုံးကို ရပ်ဆိုင်းလိုက်မည်ဟု ခြိမ်းခြောက်လိုက်သည်။ နှစ်နိုင်ငံအကြား တိုက်ခိုက်မှုများ ပြုလုပ်နေသည်မှာ ငါးရက်မြောက်ရှိပြီဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လာမည့်ရက်သတ္တပတ်အတွင်း အီရန်၏ အရပ်ဘက်အခြေခံအဆောက်အအုံများကိုပါ ပစ်မှတ်ထားတိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည်။ အမေရိကန်၏ ပိတ်ဆို့မှုမှာ ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် စတင်သက်ရောက်ခဲ့ပြီး အဆိုပါလုပ်ရပ်ကြောင့် အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်ကာ အမေရိကန်တပ်စခန်းများရှိရာ ဒေသတွင်းနိုင်ငံများကို လက်တုံ့ပြန်သည့်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ “ဒေသတွင်း စွမ်းအင်တင်ပို့မှုဆိုတာ အားလုံးအတွက်ဖြစ်စေ၊ ဒါမှမဟုတ် ဘယ်သူမှ မရရှိစေရဘူး” ဟု အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။ အမေရိကန်၏ “မကောင်းဆိုးဝါးဆန်သော လုပ်ရပ်များ” အဆုံးမသတ်သရွေ့ ရေလက်ကြားကို ပိတ်ထားမည်ဖြစ်ပြီး ယင်းလုပ်ရပ်ကြောင့် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ ရေလမ်းကြောင်းတွင် သယ်ယူပို့ဆောင်ရေးများ ပြတ်တောက်လျက်ရှိသည်။ အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇမ် ဂါရီဘာဘာဒီက အမေရိကန်၏ ပိတ်ဆို့မှုအသစ်သည် ရေလက်ကြားကို ဆက်လက်ဖွင့်လှစ်ထားရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် ရည်ရွယ်သည့် “အစ္စလာမာဘတ် နားလည်မှုစာချွန်လွှာ” ကို ပျက်ပြားသွားစေကြောင်း ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း အီရန်သည် ဟော်မုဇ်ရေလက်ကြားတွင် ကုန်တင်သင်္ဘော (၇) စင်းကို တိုက်ခိုက်ခဲ့ရာ အမှုထမ်း (၁၂) ဦးခန့် သေဆုံး၊ ပျောက်ဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် အီရန်သည် အမေရိကန်တပ်ဖွဲ့များ အခြေစိုက်ရာ ဘာရိန်း၊ ဂျော်ဒန်နှင့် ကူဝိတ်နိုင်ငံများသို့လည်း လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ အီရန်အစိုးပြောရေးဆိုခွင့်ရှိသူ ဖာတေမဲ မိုဟာဂျာနီ၏ ပြောကြားချက်အရ အမေရိကန်၏ တိုက်ခိုက်မှုများကြောင့် အီရန်နိုင်ငံတောင်ပိုင်းတွင် အရပ်သား ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် အီရန်ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ညတွင်းချင်း တိုက်ခိုက်မှုများကြောင့် လူပေါင်း ၂၆၀ ဒဏ်ရာရရှိခဲ့ပြီး အီရန်စစ်သား (၇) ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်စစ်တပ်ကမူ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းတွင် မိနစ် ၉၀ ကြာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဟော်မုဇ်ရေလက်ကြားရှိ ဂရိတ်တန်းကျွန်းပေါ်ရှိ အီရန်၏ ကာကွယ်ရေးနှင့် ဒုံးပျံစခန်းများ၊ စစ်တပ်၏ စစ်စခန်းများကို ပစ်မှတ်ထားခဲ့ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံဌာနက ဖော်ပြခဲ့သည်။ သမ္မတ ထရမ့်က လာမည့်ရက်သတ္တပတ်အတွင်း အီရန်နှင့် သဘောတူညီမှုမရရှိပါက အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် တံတားများကို ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်ထားသည်။ အီရန်ဘက်ကလည်း အမေရိကန်၏ ရန်လိုသော လုပ်ရပ်များအတွက် “ပြတ်သားသည့် တုံ့ပြန်မှုများ” ပြုလုပ်သွားမည်ဟု ကျိန်ဝါးထားသည်။ ကိုးကား-The Guardian Post navigation အာဂျင်တီးနားအသင်း အင်္ဂလန်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူကာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲသို့ တက်လှမ်း ကုလသမဂ္ဂသတိပေးချက် – ကလေးငယ် ၁၃.၅ သန်းကျော် ကာကွယ်ဆေးလုံးဝမရရှိသေးဘဲ ကာကွယ်ဆေးထိုးနှံမှု တိုးတက်နှုန်းနှေးကွေးနေ