PSM (News

ဇွန် ၁၆ ၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (LPDF) ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုလင်းယုန်သည် အမည်မသိလက်နက်ကိုင်အဖွဲ့တစ်စု၏ ပစ်ခတ်လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

အမည်မသိလက်နက်ကိုင်အဖွဲ့သည် ပြီးခဲ့သည့် ဇွန် ၁၁ ရက်နေ့ ညပိုင်းက မုံရွာမြို့နယ်အတွင်းရှိ စခန်းသို့ ပြန်လာသည့် ကိုလင်းယုန်နှင့် ဇနီးဖြစ်သူတို့ကို တောင်မာတောရွာနှင့် ပလ္လင်ရွာကြားတွင် ချုံခို တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပစ်ခတ်မှုကြောင့် ကိုလင်းယုန်မှာ သေဆုံးခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူမှာမူ ထိခိုက်ဒဏ်ရာရရှိကာ လွတ်မြောက်ခဲ့သည်။

ဒေသခံကာကွယ်ရေးရဲဘော်များ၏ ပြောပြချက်အရ လုပ်ကြံမှုဖြစ်ပွားခဲ့သည့်နေရာတွင် ပစ္စတိုကျည်ခွံ ၁၅ တောင့်ခန့်ကို ရှာဖွေတွေ့ရှိခဲ့သည်။ လက်ရှိအချိန်အထိ ကျူးလွန်သူတရားခံများကို ဖမ်းဆီးရမိခြင်း မရှိသေးသော်လည်း သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်းများက တရားခံများ ဖော်ထုတ်ဖမ်းဆီးနိုင် ရေးအတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

ကျဆုံးသွားသည့် LPDF ခေါင်းဆောင် ကိုလင်းယုန်သည် မိမိ၏တော်လှန်ရေးတာဝန်များကို အကောင်း ဆုံးထမ်းဆောင်နေသူဖြစ်ရာ ယခုဖြစ်စဉ်သည် တော်လှန်ရေးအင်အားစုများအတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း ဒေသခံတော်လှန် ရေးတပ်ဖွဲ့များက ဆိုသည်။

တော်လှန်ရေးထိန်းချုပ်မှုအားကောင်းသည့် စစ်ကိုင်းတိုင်းတွင် ယခုကဲ့သို့ တာဝန်ရှိသူများနှင့် တက်ကြွလှုပ်ရှားသူများ မကြာခဏ လုပ်ကြံခံရပြီး အမှုမှန်မပေါ်ပေါက်သေးသည့် ဖြစ်စဉ်များ ရှိသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထိန်းချုပ်ထားသည့် နယ်မြေများထဲက ဝက်လက်မြို့နယ်အတွင်းတွင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မောင်မြင့်မြတ်ဦး၊ ဆားလင်းကြီးမြို့နယ်ထဲက ဆားလင်းကြီးပကဖ ဘဏ္ဍာရေးတာဝန်ခံ ကိုလက်ျာ၊ ကနီမြို့နယ် တပုန်း ကျေးရွာအတွင်းတွင် မြို့နယ်ပညာရေးတာဝန်ခံ ဦးဝင်းဌေးနှင့် ကောလင်းမြို့နယ် သယံဇာတ အတွင်းရေးမှူး ဦးအရိန္ဒမာတို့က လုပ်ကြံခံထားရပြီး အမှုမှန် ပေါ်ပေါက်ခြင်းမရှိသေးပေ။

ဓာတ်ပုံ-CJ

By Htet Ko

You missed