PSM(News) ဇွန် ၁၆၊ ၂၀၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့အနီး ရှောက်ပင်ကျေးရွာတွင် တပ်စွဲထားသည့် အာဏာလုစစ်အုပ်စု၏ စစ်ဆေး ရေးဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အာဏာလုစစ်အုပ်စု တပ်ဖွဲ့ဝင် သုံး ဦး သေဆုံးပြီး၊ လက်နက် ငါး လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။ ဂန့်ဂေါမြို့နယ် ပကဖ အဖွဲ့ဝင်ဖြစ်သည့် နဂါးညီနောင်တပ်ဖွဲ့သည် ဂန့်ဂေါမြို့နှင့် ၅ မိုင်ခန့်အကွာ တွင်ရှိသည့် အဆိုပါ ရှောက်ပင်ရွာ စစ်ဆေးရေးဂိတ်စခန်းကို ပြီးခဲ့သည့် ဇွန် ၈ ရက်နှင့် ၁၃ ရက်နေ့တို့တွင် နှစ်ကြိမ်တိုင်တိုင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စီးနင်းတိုက်တိုက်ခိုက်များအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် သုံး ဦး သေဆုံးပြီး ၊ BA-100 သေနတ် တစ်လက်၊ MA-1 သေနတ် သုံးလက်၊ MA-11 သေနတ် တစ်လက်၊ ကျည်ဘောက်ရှစ်ခု၊ BA-100အသီး နှစ်လုံး နှင့် ကျည် ၅၃တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဓာတ်ပုံ မှတိတမ်းနှင့် တကွ ထုတ်ပြန်ထားသည်။ “အခွင့်အရေးရဖို့ ကျွန်တော်တို့ ချောင်းနေတာတော့ ကြာပြီ။ အခွင့်ပေးတဲ့အချိန်ကို ဝင်ရောက် စီးနင်းတာပါ။ နောက်ထပ် လှုပ်ရှားမှုတွေလည်း ရှိဦးမှာကြောင့် အသေးစိတ်ကို ပြောပြဖို့တော့ ခက်ပါတယ်” ဟု ဂန့်ဂေါမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက PSM ကို ပြောသည်။ တိုက်ခိုက်ခံရသည့် ရှောက်ပင်ရွာ စစ်ဆေးရေးဂိတ်သည် ဂန့်ဂေါမြောက်ပိုင်းနှင့် တောင်ပိုင်းကို အဓိက ဆက်သွယ်ထားသော ကားလမ်းပေါ်တွင် တည်ရှိသည့်အတွက် ဒေသတွင်း၌ ဗျူဟာအရ အလွန်အရေးပါသော ဂိတ်စခန်းတစ်ခု ဖြစ်သည်။ အာဏာလုစစ်အုပ်စုသည် ဂန့်ဂေါခရိုင်အတွင်းရှိ ယောဒေသကို ဧပြီလဆန်းပိုင်းမှစ၍ စစ်ကြောင်းများ ထိုးကာ ခြေကုပ်ယူရန် ကြိုးပမ်းနေပြီး ချင်းပြည်နယ်အတွင်း ၎င်းတို့လက်လွှတ်ထားရသည့် မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့တို့ကို ပြန်လည်ရရှိရန် ယခုဂိတ်ကို အခြေပြု၍ ထိုးစစ်ဆင်နေခြင်း ဖြစ်ကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင် စစ်အုပ်စု၏ နယ်မြေရှင်းလင်းရေး စစ်ကြောင်းများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက လမ်းခု လတ်တွင် ဖြတ်တောက်တိုက်ခိုက်လျက်ရှိရာ ယောဒေသ ကျောထု မြို့နယ်နှင့် ဆောမြို့နယ်အတွင်းတွင်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။ ဓာတ်ပုံ-ဂန့်ဂေါပကဖ Post navigation တောင်တွင်းကြီး ကိုးပင်-ဆက်သွားလမ်းပိုင်းတွင် စစ်အုပ်စုယာဉ် ကြားဖြတ်တိုက်ခိုက်ခံရ၊ ဗိုလ်ကြီး အပါအဝင် ၂ ဦးသေဆုံးပြီး လက်နက်များသိမ်းဆည်းရမိ မုံရွာမြို့ရှိ တော်လှန်ရေးနယ်မြေတွင် ဒေသခံ LPDF ခေါင်းဆောင်တစ်ဦး လုပ်ကြံခံရပြီး သေဆုံး၊ တရားခံဖော်ထုတ်နိုင်ရေး စုံစမ်းမှုများ လုပ်ဆောင်နေဟုဆို