PSN(News)

ဇွန် ၁၆ ၊ ၂၀၂၆

ရန်ကုန်မြို့ရှိ အထင်ကရနေရာများနှင့် လမ်းမကြီးအချို့တွင် အာဏာလုစစ်အုပ်စု၏ တင်းကျပ်စွာ စောင့်ကြည့်စစ်ဆေးမှုများကြားမှပင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေး အကျဉ်းသားအားလုံးကို ဂုဏ်ပြုသည့် “နှင်းဆီလှုပ်ရှားမှု (Rose Movement)” မြေပြင်သပိတ်များကို စတင်ဖော်ဆောင်နေပြီဖြစ်ကြောင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (GSCB) က ထုတ်ပြန်သည်။

အာဏာလုစစ်အုပ်စုက ကြောက်ရွံ့ထိတ်လန့်နေသည့် နှင်းဆီပန်းများကို မြင်တွေ့နိုင်ရန် ရန်ကုန်မြို့ လမ်းမများမှတစ်ဆင့် လှုပ်ရှားမှုကို စတင်လိုက်ခြင်းဖြစ်ပြီး လာမည့် ဇွန်လ ၁၉ ရက်တွင် ကျရောက်မည့် လူထုခေါင်းဆောင်၏ မွေးနေ့တွင်လည်း ပြည်တွင်းပြည်ပ ပြည်သူတစ်ရပ်လုံး မိမိတို့ဒေသနှင့် လုံခြုံရေးအခြေအနေအလိုက် ပူးပေါင်းပါဝင်ကြရန် GSCB က တိုက်တွန်းနှိုးဆော်ထားသည်။

ပြည်သူများအနေဖြင့် လာမည့် ဇွန်လ ၁၉ ရက်တွင် နှင်းဆီပန်း သို့မဟုတ် ရရှိနိုင်သည့် ပန်းတစ်မျိုးမျိုးကို ဘုရားတင်ခြင်း၊ ကိုယ်တိုင်ပန်ဆင်ခြင်း၊ အချင်းချင်း အပြန်အလှန် ဝေငှခြင်းများ ပြုလုပ်နိုင်သည့်အပြင် မိမိတို့ ပန်းကိုင်ဆောင်ထားသည့် ဓာတ်ပုံများကို လူမှုကွန်ရက်ပေါ်သို့ တင်၍ အွန်လိုင်းကမ်ပိန်း ပြုလုပ်ခြင်း သို့မဟုတ် မြေပြင်သပိတ်လှုပ်ရှားမှုများတွင် နှင်းဆီပန်း ကိုင်ဆောင်ဆန္ဒပြခြင်း စသည့် နည်းလမ်းများဖြင့် ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

“အကြမ်းဖက်စစ်တပ်ရဲ့ စောင့်ကြည့်မှုများကြားထဲမှ ရန်ကုန်နှင်းဆီများ ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။ အမေစုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြပါ”ဟု GSCB က ပြည်သူလူထုတစ်ရပ်လုံးကို တိုက်တွန်း ထားသည်။

“နှင်းဆီလှုပ်ရှားမှု ” သည် မကြာခင် ရောက်ရှိလာတော့မည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး အတွက် ရည်ရွယ်ခြင်းဖြစ်သည်။

ပြည်တွင်းပြည်ပရှိ အများပြည်သူများအနေဖြင့် “နှင်းဆီလှုပ်ရှားမှု ” ကို မိမိတို့ဒေသနှင့် လုံခြုံရေး အခြေ အနေအလိုက် အတူတကွ ပူးပေါင်းပါဝင်ကြရန် တော်လှန်ရေးအင်အားစုများက ဖိတ်ခေါ်ထားသည်။

ဓာတ်ပုံ-GSCB

By Htet Ko

You missed