PSM(News)

ဇွန် ၁၅၊ ၂၀၂၆

ကရင်အမျိုးသားများ လိုလားတောင့်တနေသည့် “ကော်သူးလေ ကရင်ပြည်” ရရှိရေးအတွက် သူတစ်ပါးထံမှ တောင်းခံနေမည်မဟုတ်ဘဲ အောက်ခြေပြည်သူလူထုကိုယ်တိုင် နယ်မြေ သတ်မှတ်ခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် အစိုးရကို အသိအမှတ်ပြုခြင်းဟူသည့် ခိုင်မာအားကောင်းသော တည်ဆောက် မှုဖြင့် အကောင်အထည်ဖော် လုပ်ဆောင်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားခဲ့သည်။

ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် “ကော်သူးလေနေ့” သို့ ပေးပို့သည့် သဝဏ်လွှာတွင် KNU ဥက္ကဋ္ဌက ထိုသို့ ထည့်သွင်းပြောကြားခဲ့ပြီး လက်ရှိတော်လှန်ရေးကာလအတွင်း ကရင်ပြည်တည်ဆောက်ရေးအတွက် နိုင်ငံရေးခြေလှမ်းသစ်ကို ဖော်ပြထားသည်။

လက်ရှိနိုင်ငံရေးအခင်းအကျင်းအောက်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) အနေဖြင့် ၂၀၂၆ ၊ ဧပြီ ၃ ရက်နေ့တွင် ‘တော်လှန်ရေးကာလ ကော်သူးလေပဋိညာဉ်’ ကို အတည်ပြုခဲ့ပြီး ‘တော်လှန်ရေးကာလ ကော်သူးလေအတိုင်ပင်ခံကောင်စီ’ နှင့် ‘တော်လှန်ရေးကာလ ကော်သူးလေအုပ်ချုပ်ရေးကောင်စီ’ ကို ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဖွဲ့စည်းမှုများမှတစ်ဆင့် ကောင်းမွန်သော ခေါင်းဆောင်မှု၊ ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှု၊ လူထုလို အပ်ချက်နှင့် လုံခြုံရေး၊ စီးပွားရေးတို့ကို ဖြည့်ဆည်းပေးပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော “ကော်သူးလေ” နယ်မြေအဖြစ် လက်တွေ့ကျကျ တည်ဆောက်သွားမည်ဟု ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။

ထို့အပြင် ကရင်လူမျိုးများသည် သမိုင်းကြောင်းအရ မဟာလူမျိုးကြီးဝါဒ၏ ဖိနှိပ်မှု၊ အနိုင်ကျင့်မှု များကြောင့် နိုင်ငံပျောက်ဆုံးခဲ့ရသည့် လူမျိုးဖြစ်ခဲ့သဖြင့် ကရင့်အမျိုးသားလွတ်မြောက်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေရခြင်းဖြစ်ကြောင်း၊ သို့သော် ကရင်ပြည်ထောင်ခြင်းသည် လိုအင်ဆန္ဒတစ်ခုတည်းဖြင့် တည်ဆောက်၍မရဘဲ လက်တွေ့ကျရန် လိုအပ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

KNU အနေဖြင့် ၁၉၄၉ ခုနှစ် လက်နက်ကိုင်တော်လှန်ရေးအစတွင် မြို့ရွာများကို သိမ်းပိုက်နိုင်ခဲ့ သော်လည်း အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု အားနည်းချက်များ ရှိခဲ့ခြင်းကြောင့် ၁၉၄၉ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့ တောင်ငူမြို့ အရေးပေါ်အစည်းအဝေးတွင် “ကော်သူးလေအစိုးရ” (Kawthoolei Government – KGB) ကို စတင်ဖွဲ့စည်းခဲ့ရာမှ ထိုနေ့ကို “ကော်သူးလေနေ့” အဖြစ် ယနေ့တိုင် သတ်မှတ်ဂုဏ်ပြုခဲ့ခြင်း ဖြစ်သည်။

ခေတ်ကာလနှင့်အညီ ပြောင်းလဲနေသည့် နိုင်ငံရေးအခြေအနေများအောက်တွင် အုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးကို ကျွမ်းကျင်နားလည်ပြီး မိမိတို့ကံကြမ္မာ မိမိတို့ဖန်တီးမည့် အနာဂတ်မျိုး ဆက်သစ်များကို မွေးထုတ်ပေးကာ “ကော်သူးလေ” ကရင်ပြည်ထောင်ရေးအတွက် အတူတကွ အင်တိုက်အားတိုက် ကြိုးပမ်းကြရန်လည်း KNU ဥက္ကဋ္ဌက တိုက်တွန်းနှိုးဆော်ထားသည်။

ပုံစာ-KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း။

By Htet Ko

You missed