PSM (NEWS) ဇွန် ၁၆၊ ၂၀၂၆ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ လူကြိုက်များသည့် ကူဂျီ ကမ်းခြေတွင် ပြီးခဲ့သည့်ရက်သတ္တပတ်ကုန်က အမျိုးသမီးတစ်ဦး ငါးမန်းကိုက်ခံရပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် ကမ်းခြေလုံခြုံရေးကို ပြန်လည်သုံးသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် တနင်္လာနေ့တွင် ကမ်းခြေကို လုံခြုံရေးအစောင့်အရှောက်များနှင့် ဂျက်စကီး (Jet Ski) ကင်းလှည့်စက်လှေများဖြင့် တင်းကျပ်စွာ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ အသက် ၃၅ နှစ်အရွယ်ရှိ အဆိုပါအမျိုးသမီးသည် စနေနေ့နံနက်ပိုင်းက ကမ်းခြေမှ မီတာ ၃၀ (ပေ ၁၀၀) ခန့်အကွာတွင် ရေကူးနေစဉ် အလျား ၃ မီတာမှ ၄ မီတာခန့်ရှိသည့် ငါးမန်းတစ်ကောင်၏ ကိုက်ခွဲခြင်းကို ခံခဲ့ရသည်။ သူမသည် လက်နှင့် ဘယ်ဘက်ခြေထောက်အောက်ပိုင်းတွင် ပြင်းထန်သောဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိတွင် ဆေးရုံ၌ ကျန်းမာရေးအခြေအနေ တည်ငြိမ်လျက်ရှိသည်။ ရမ်ဒဝစ်ခ်မြို့တော်ကောင်စီ ၏ ထုတ်ပြန်ချက်တွင် “ကျွန်ုပ်တို့၏ ကယ်ဆယ်ရေးဝန်ထမ်းများသည် တစ်နေကုန် ဂျက်စကီးဖြင့် ကင်းလှည့်ပေးသွားမည်ဖြစ်ပြီး၊ Surf Life Saving NSW အဖွဲ့ကလည်း ကူဂျီကမ်းခြေတွင် ငါးမန်းရှိမရှိ စောင့်ကြည့်သည့် ဒရုန်းများဖြင့် လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည်” ဟု ဖော်ပြထားသည်။ သြစတြေးလျကမ်းရိုးတန်းတစ်လျှောက် ငါးမန်းကိုက်ခံရမှုများသည် လွန်ခဲ့သည့်လများအတွင်း အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး၊ အချို့မှာ အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားခဲ့သည်။ သြစတြေးလျငါးမန်းဖြစ်စဉ်များဆိုင်ရာ အချက်အလက်များအရ ငါးမန်းနှင့် ထိတွေ့မှုများသည် ကိန်းဂဏန်းအရ ရှားပါးသော်လည်း လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း တစ်နှစ်လျှင် ပျမ်းမျှ ၂၉ ကြိမ်ခန့်အထိ တဖြည်းဖြည်း မြင့်တက်လာကြောင်း သိရသည်။ ငါးမန်းသုတေသနပညာရှင် လီယိုနာဒို ဂွီဒါက “ငါးမန်းကိုက်ခံရမှုတွေ ပိုများလာတာဟာ လူဦးရေတိုးတက်လာတာနဲ့ ပိုပြီးသက်ဆိုင်ပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ရေအပူချိန် မြင့်တက်လာတာက လူတွေကို ကမ်းခြေကို ပိုသွားလာစေသလို ငါးမန်းတွေရဲ့ ရွေ့လျားသွားလာပုံကိုလည်း ပြောင်းလဲစေပါတယ်” ဟု ပြောကြားခဲ့သည်။ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ငါးမန်းများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ရန်အဆိုပြုချက်များ ထွက်ပေါ်လာသော်လည်း၊ ပညာရှင်များကမူ ဒရုန်းများအသုံးပြုခြင်းနှင့် ခေတ်မီနည်းပညာများဖြင့် ကြိုတင်ကာကွယ်ခြင်းသည်သာ ပိုမိုထိရောက်ကြောင်း အကြံပြုထားသည်။ ကိုးကား-Reuters Post navigation ယူကရိန်းနိုင်ငံတွင် ရုရှားတို့၏ တိုက်ခိုက်မှုကြောင့် လူ ၁၀ ဦး သေဆုံးပြီး သမိုင်းဝင် ကိယက်ဗ်ကျောင်းတော်ကြီး ပျက်စီး ကူရာဆာအသင်း သမိုင်းဝင်ဂိုးသွင်းနိုင်ခဲ့သော်လည်း ဂျာမနီအသင်း ၇-၁ ဂိုးဖြင့် အနိုင်ရ