PSM (NEWS) ဇွန် ၁၆၊ ၂၀၂၆ ပြီးခဲ့သည့် တနင်္ဂနွေနေ့ညက ယူကရိန်းနိုင်ငံတစ်ဝန်း ရုရှားတို့၏ လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ လူ ၁၀ ဦး သေဆုံးခဲ့သည်။၊ ထို့အပြင်လွန်ခဲ့သည့် နှစ်ပေါင်း ၁,၀၀၀ ကျော်က တည်ဆောက်ခဲ့သည့် ယူကရိန်း၏ ဝိညာဉ်ရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်ကို ကိုယ်စားပြုသည့် ကျောင်းတော်ကြီး (Kyiv Pechersk Lavra) မှာလည်း ပြင်းထန်စွာ ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ၎င်းတို့၏ သမိုင်းဝင်နေရာကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ ခရစ်ယာန်ယဉ်ကျေးမှုအပေါ် ကျူးလွန်သည့် ရုရှားတို့၏ အဆိုးရွားဆုံး ရာဇဝတ်မှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကလည်း အဆိုပါယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ်နေရာအား တိုက်ခိုက်မှုကို ပါရီမြို့ရှိ နိုထရီဒမ် ကသီဒရယ်ဘုရားကျောင်းကို ဗုံးခွဲတိုက်ခိုက်ခြင်းနှင့် နှိုင်းယှဉ်ကာ ပြင်းထန်စွာ ရှုတ်ချခဲ့သည်။ တိုက်ခိုက်မှုအတွင်း မြို့တော် ကိယက်ဗ်တွင် လူ ၅ ဦးသေဆုံးပြီး ၃၄ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ယူကရိန်း၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ခါကိဗ်မြို့တွင်လည်း ကယ်ဆယ်ရေးဝန်ထမ်း ၄ ဦးနှင့် မြို့တော်အုပ်ချုပ်ရေးအရာရှိ ၁ ဦး သေဆုံးခဲ့ပြီး အခြား ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောသည်။ ယူကရိန်းစစ်တပ်၏ ထုတ်ပြန်ချက်အရ ရုရှားတို့သည် ဒုံးကျည် ၇၀ နှင့် ဒရုန်းပေါင်း ၆၁၁ စင်းဖြင့် တိုက်ခိုက်ခဲ့ရာ ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ဒုံးကျည် ၅၀ နှင့် ဒရုန်း ၅၈၂ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။ တစ်ဖက်တွင်လည်း ယူကရိန်းတို့၏ ဒရုန်းတိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံ၊ တူလာမြို့တွင် လူ ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။ အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ဥရောပသမဂ္ဂ (EU) ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ကာဂျာ ကလပ်စ်က ယင်းတိုက်ခိုက်မှုမှာ “စစ်ရာဇဝတ်မှု” တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကိုးကား-Reuters Post navigation အမေရိကန်-အီရန် ဆွေးနွေးပွဲများသည် သဘောတူညီချက်ကို အထောက်အကူပြုလိမ့်မည်ဟု မျှော်လင့်ကြောင်း တူရကီပြောကြား ဆစ်ဒနီမြို့တွင်ငါးမန်းကိုက်ခံရမှုဖြစ်ပွားပြီးနောက်ကူဂျီကမ်းခြေကိုလုံခြုံရေးတင်းကျပ်ကာပြန်လည်ဖွင့်လှစ်