မောင်မောင်ကဲ/PSM(News)

မေ ၁၆၊ ၂၀၂၆

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် စစ်မှုထမ်းစာရင်းတွင် ပါဝင်သည်ဟုဆိုကာ လူငယ် သုံး ဦး အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရမှု ဖြစ်ပွားခဲ့ပြီး တစ်ဖက်တွင်လည်း အာဏာလုစစ်အုပ်စုက အကျုံးဝင်သည့် လူငယ်အင်အားစာရင်းများကို လဝကနှင့် ပူးပေါင်းပြုစုကာ အလှည့်ကျစနစ်ဖြင့် ဆင့်ခေါ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၁၄ ရက် နံနက်ပိုင်းက တာမွေမြို့နယ်၊ ကျောက်မြောင်း၊ ဌေးကြွယ်ရပ်ကွက်၊ သူဌေး လမ်းအတွင်း နေထိုင်သည့် အမျိုးသား သုံး ဦးကို စစ်မှုထမ်းစာရင်းပါသည်ဟု အကြောင်းပြကာ အာဏာလုစစ်အုပ်စုလက်အောက်ခံများက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း တာမွေနွေဦး Channel မှ သိရသည်။

အာဏာသိမ်းစစ်အုပ်စုသည် မြေပြင်တွင် စစ်မှုထမ်းရန်အတွက် မဲနှိုက်ရွေးချယ်ခြင်း၊ အတင်းအဓမ္မ ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းနှင့် လူငှားရမ်းခြင်းနည်းလမ်းများဖြင့် လူငယ်များကို ဖမ်းဆီးစုဆောင်း မှုများ ပြုလုပ်နေသော်လည်း ယခုအခါ စာရင်းသွင်းဆင့်ခေါ်ရန် ထပ်မံ လုပ်ဆောင်လာ ခြင်းဖြစ်သည်။

စစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေးကို ပြီးခဲ့သည့် မေ ၁၄ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး အာဏာလုအစိုးရဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်က တိုင်းနှင့် ပြည်နယ်အဖွဲ့များအနေဖြင့် နယ်မြေအတွင်း စစ်မှုထမ်းရန် အကျုံးဝင်သူ စာရင်းအမှန်ကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) နှင့် ပူးပေါင်းပြုစုရန် ညွှန်ကြားခဲ့သည်။

ထိုသို့ စာရင်းသွင်း မှတ်ပုံတင်ထားသူများကို အလှည့်ကျစနစ်ဖြင့် ဆင့်ခေါ်နိုင်ရေး စီမံထားရန်လည်း ၎င်းက ဆိုသည်။

“စစ်အုပ်စုက အခုနောက်ပိုင်းမှာ စစ်မှုထမ်းမယ့်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စနစ်တကျ ဖြည့်သွင်းပြီး ဥပဒေကြောင်းအရ ဆင့်ခေါ်တဲ့စနစ်ကို သုံးလာဖို့ ရှိပါတယ်။ အဲဒီလို ဆင့်ခေါ်တာကို ပျက်ကွက်ရင်တော့ ပြင်းပြင်းထန်ထန် အရေးယူပြပြီး လူငယ်တွေကို အကြောက်တရားနဲ့ ဖိအားပေးဖို့ ကြိုတင်ပြင်ဆင်တာ ဖြစ်နိုင်တယ်” ဟု CDM တပ်အရာရှိအချို့က သုံးသပ်သည်။

အာဏာလုစစ်အုပ်စုသည် လက်ရှိအချိန်အထိ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၂) အထိ သင်တန်း ဆင်းပေးခဲ့ပြီးဖြစ်ကာ လက်ရှိတွင်လည်း သင်တန်းအမှတ်စဉ် နှစ်ခုကို ထပ်မံလေ့ကျင့်ပေး နေကြောင်း သိရသည်။

ပုံစာ-စစ်မှုထမ်းရန် အဓမ္မခေါ်ယူခြင်း ခံရသည့် လူငယ်များကိုတွေ့ရစဉ်။ (ပုံဟောင်း)

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *