PSM (NEWS) မေ ၁၆၊၂၀၂၆ အိန္ဒိယနိုင်ငံရှိ နေရောင်ခြည်စွမ်းအင်စီမံကိန်းများနှင့် ပတ်သက်၍ လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသော အိန္ဒိယဘီလျံနာ ဂေါတမ်အဒါနီ နှင့် ၎င်း၏ကုမ္ပဏီအပေါ် စွဲဆိုထားသည့်အမှုကို ကျေအေးပေးရန် အမေရိကန်အစိုးရက သဘောတူညီလိုက်ကြောင်း ရုံးတော်မှတ်တမ်းများအရ သိရသည်။ ၂၀၂၄ ခုနှစ်အတွင်း အမေရိကန် ငွေကြေးနှင့် အိတ်ချိန်းကော်မရှင် (SEC) ၏ တရားစွဲဆိုချက်အရ ဂေါတမ်အဒါနီနှင့် ၎င်း၏တူဖြစ်သူ ဆာဂါးအဒါနီတို့သည် အစိုးရကန်ထရိုက်များရရှိရန် အိန္ဒိယအစိုးရတာဝန်ရှိသူများကို ဒေါ်လာသန်းနှင့်ချီ၍ လာဘ်ထိုးရန် ကြံစည်ခဲ့ကြောင်း၊ ထို့ပြင် ရင်းနှီးမြှုပ်နှံသူများကိုလည်း အဂတိလိုက်စားမှုမရှိဟု လိမ်လည်ပြောဆိုကာ ရန်ပုံငွေများ ရယူခဲ့ကြောင်း ဖော်ပြထားသည်။ ယခုသဘောတူညီချက်အရ ဂေါတမ်အဒါနီသည် ဒဏ်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၆ သန်း နှင့် ဆာဂါးအဒါနီက ဒေါ်လာ ၁၂ သန်း ပေးဆောင်ရမည်ဖြစ်သည်။ သမ္မတဒေါ်နယ်ထရမ့်အာဏာရလာပြီးနောက် ၂၀၂၅ ခုနှစ်၊ မတ်လတွင်ပြည်ပလာဘ်ပေးလာဘ်ယူမှု တားမြစ်ရေးဥပဒေ (FCPA)ကိုဆိုင်းငံ့လိုက်ခြင်းကြောင့် အဒါနီတို့အပေါ် စွဲဆိုထားသည့် ရာဇဝတ်မှုဆိုင်ရာစွဲချက်များမှာလည်း ရုပ်သိမ်းခံရဖွယ်ရှိနေကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ အဒါနီအုပ်စုကမူ ၎င်းတို့အပေါ် စွပ်စွဲချက်အားလုံးကိုယခင်ကတည်းက အခြေအမြစ်မရှိကြောင်း ငြင်းဆိုထားသည်။ ကိုးကား-AP Post navigation အထက်လွှတ်တော်အမတ်ကို ဖမ်းဆီးရန် ICC ၏ တောင်းဆိုချက်ကို ဖိလစ်ပိုင် လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးအတည်ပြု အမေရိကန်ကို ယုံကြည်မှုမရှိသော်လည်း အလေးအနက်ထားမှသာ ဆွေးနွေးမည်ဟု အီရန်ပြောကြား