8PSM (NEWS) မေ ၁၆၊ ၂၀၂၆ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများဖြင့် အလိုရှိနေသည့်ထိပ်တန်းအထက်လွှတ်တော်အမတ်တစ်ဦးကို ဖမ်းဆီးရန် နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) ၏ တောင်းဆိုချက်ကို ဖိလစ်ပိုင်နိုင်ငံအနေဖြင့် “မပျက်မကွက်” လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားရေးဝန်ကြီးက သောကြာနေ့တွင် ပြောကြားခဲ့သည်။ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး လက်ထက်သွေးထွက်သံယိုဖြစ်ပွားခဲ့သည့် “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲ” ကို အဓိကကြီးကြပ်ခဲ့သူ ရဲချုပ်ဟောင်း၊ လက်ရှိ အထက်လွှတ်တော်အမတ် ရော်နယ် ဘာတို. ဒီလာ ရိုဆာ ကို ဖမ်းဆီးရန် ဝရမ်းသည် အတည်ဖြစ်ကြောင်းနှင့် ဖမ်းဆီးပေးရန် တောင်းဆိုချက်ကိုလည်း လက်ခံရရှိထားကြောင်း တရားရေးဝန်ကြီး ဖရက်ဒရစ် ဗီဒါ က အတည်ပြုခဲ့သည်။ ICC သည် ဒီလာ ရိုဆာ ကို ဖမ်းဆီးရန် နိုဝင်ဘာလကတည်းက ထုတ်ပြန်ထားသည့် ဝရမ်းကို တနင်္လာနေ့တွင် လူသိရှင်ကြား ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ ဒီလာ ရိုဆာသည် အထက်လွှတ်တော် အဆောက်အအုံအတွင်း ခိုလှုံနေခဲ့သော်လည်း ကြာသပတေးနေ့ အရုဏ်မတက်မီတွင် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး လက်ရှိတွင် မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိရသေးပေ။ “ကျွန်တော်တို့ ICC ရဲ့ တောင်းဆိုချက်ကို သေချာပေါက် လိုက်နာဆောင်ရွက်မှာပါ” ဟု ဝန်ကြီး ဗီဒါက သတင်းထောက်များကို ပြောကြားခဲ့သည်။ သမ္မတဟောင်း ဒူတာတေး သည်လည်း ပြီးခဲ့သည့်နှစ်က အဖမ်းခံရပြီးနောက် လက်ရှိတွင် ICC ၏ ထိန်းသိမ်းမှုအောက်တွင် ရှိနေပြီး သည်ဟိဂ် (The Hague) ရှိ တရားရုံးတွင် စစ်ဆေးမှုခံယူရမည့် ပထမဆုံးသော အာရှနိုင်ငံခေါင်းဆောင် ဖြစ်လာတော့မည်ဖြစ်သည်။ ဖိလစ်ပိုင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရာရှိချုပ် ဂျေဆုစ် ခရစ်စပင် ရီမူလာကလည်း ဒီလာ ရိုဆာ အနေဖြင့် ၎င်းအပေါ် စွပ်စွဲချက်များကို ရင်ဆိုင်ဖြေရှင်းသင့်ကြောင်း သောကြာနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “ထွက်ပြေးတာဟာ အပြစ်ရှိတယ်ဆိုတဲ့ လက္ခဏာပဲ မဟုတ်လား? ဒါက ရာဇဝတ်မှုဆိုင်ရာ ဥပဒေရဲ့ အခြေခံ သဘောတရားပါပဲ” ဟု ၎င်းက ဆိုသည်။ “ကျွန်တော်တို့ရဲ့ အထက်လွှတ်တော်အမတ်တွေက ဒီလိုပဲ ဖြစ်သင့်သလား? ဥပဒေကနေ ထွက်ပြေးတဲ့သူမျိုးလား? သူ တာဝန်ခံရပါမယ်။” တရားရေးဝန်ကြီးဌာနအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စောင့်ကြည့်အမိန့်ကို ထုတ်ပြန်ထားပြီးဖြစ်ကြောင်းနှင့် နိုင်ငံအတွင်းမှ ထွက်ပြေးရန် ကြိုးပမ်းပါက ဖမ်းဆီးရန် ညွှန်ကြားထားကြောင်းလည်း ဝန်ကြီး ဗီဒါ က ထပ်လောင်းပြောကြားခဲ့သည်။ အထက်လွှတ်တော်အမတ် ဒီလာ ရိုဆာကမူ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် ရောမစာချုပ် (Rome Statute) မှ နုတ်ထွက်ခဲ့ပြီးဖြစ်သောကြောင့် ICC တွင် စီရင်ပိုင်ခွင့်မရှိကြောင်း အကြောင်းပြကာ တရားလွှတ်တော်ချုပ်သို့ အရေးပေါ် အယူခံဝင်ထားသည်။ ဗုဒ္ဓဟူးနေ့က အထက်လွှတ်တော်အတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့် ပတ်သက်၍ လုံခြုံရေးအရာရှိချုပ် မောင် အာပလက်စကာ ကို ခြောက်လကြာ ရာထူးမှ ယာယီရပ်ဆိုင်းရန် အရာရှိချုပ် ရီမူလာ က အမိန့်ပေးခဲ့သည်။ အာပလက်စကာသည် အမျိုးသား စုံစမ်းစစ်ဆေးရေးဗျူရို (NBI) အေးဂျင့်များနှင့် ထိပ်တိုက်တွေ့စဉ်အတွင်း သတိပေးချက်အဖြစ် ပထမဆုံး စတင်ပစ်ခတ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီးနောက် ယခုကဲ့သို့ အရေးယူခံရခြင်းဖြစ်သည်။ ကိုးကား-Reuters Post navigation ထိုင်ဝမ်အခြေစိုက် TSMC မှ Vanguard ရှိ ၎င်း၏ ရှယ်ယာများကို ဒေါ်လာ ၈၅၀ သန်းဖြင့် ရောင်းချမည် အဂတိလိုက်စားမှုဖြင့် စွပ်စွဲခံရသည့် အိန္ဒိယဘီလျံနာ ဂေါတမ်အဒါနီ၏အမှုကို အမေရိကန်အစိုးရ ကျေအေးပေးရန် သဘောတူ